မျက်ကွင်းညိုတာကမှ မိတ်ကပ်လိမ်းရင် concealer နဲ့ဖုံးလို့ရပါသေးတယ်။ မျက်အိတ်ဖောင်းတာကျတော့ concealer နဲ့ဖုံးလည်း အဆင်မပြေပါဘူး။ ဒါကြောင့် မျက်အိတ်ဖောင်းတာမျိုး ဖြစ်နေရင် puffy eye bags အတွက်ထုတ်ထားတဲ့ eyecream ဝယ်လိမ်းတာပဲဖြစ်ဖြစ်၊ သဘာဝနည်းလမ်းတွေ သုံးပြီးတော့ပဲဖြစ်ဖြစ် သက်သာအောင် လုပ်ပေးသင့်ပါတယ်။ ငွေကုန်ကြေးကျ သက်သာချင်တဲ့သူတွေအတွက်တော့ မျက်အိတ်ဖောင်းတာကို သက်သာအောင်လုပ်ပေးနိုင်တဲ့ အိမ်တွင်းဖြစ်နည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ကြက်ဥအကာ

ကြက်ဥတစ်လုံးကို ဖောက်ချပြီး အနှစ်ကိုဖယ်ထုတ်ပြီး အကာပဲယူပါမယ်။ ပြီးရင်တော့ ခလောက်ပေးပါ။ ခလောက်ပြီးရင် brush နဲ့ယူပြီး မျက်လုံးအောက်နားတစ်ဝိုက်ကို လိမ်းပေးရပါမယ်။ ၁၀ မိနစ်ထားပြီးရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကတော့ မျက်အိတ်ဖောင်းတာကို တစ်ဖြေးဖြေးနဲ့ သက်သာလာစေပါတယ်။ လုပ်မယ်ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်ပေးမှရမှာပါ။

Green Tea Bags

Green Tea Bags နှစ်ထုပ်ကို ရေနွေးခွက်ထဲ တစ်မိနစ်လောက် ထည့်စိမ်ပါ။ အချိန်ပြည့်ရင် ရေနွေးခွက်ထဲကထုတ်ကာ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီး ရေခဲသေတ္တာထဲမှာ ၆ နာရီကြာ ထည့်ထားပေးပါ။ အချိန်ပြည့်မှ မျက်လုံးပိတ်ပြီး Green Tea Bag ကို တစ်ဖက် တစ်ထုပ် မျက်လုံးပေါ်တင်ထားပေးပါ။ ၁၅ မိနစ်ထားပြီးရင် ဖယ်ထုတ်ပြီး ရေခဲရေနဲ့ မျက်လုံးကို ဆေးပေးပါ။ ဒီနည်းလမ်းကတော့ မျက်အိတ်ဖောင်းတာ၊ မျက်ကွင်းညိုတာတွေကို သက်သာစေပါတယ်။

အာလူး

အာလူးကို အဝိုင်းအချပ်လေးတွေဖြစ်အောင်လှီးပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီကြာ ထည့်ထားပေးပါ။ အချိန်ပြည့်ရင် မျက်စိမှိတ်ထားပြီး အာလူးအချပ်လေးတွေကို ခုနကလိုပဲ မျက်လုံးပေါ်မှာ ၁၅ မိနစ်တင်ထားပေးပါ။ အချိန်ပြည့်ရင်တော့ မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကလည်း မျက်အိတ်ဖောင်းတာကို သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အထဲက အတွင်းသားကို ဇွန်းနဲ့ခြစ်ပြီး ပန်းကန်လုံးထဲထည့်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ တစ်နာရီကြာထည့်ထားလိုက်ပါ။ အချိန်ပြည့်ရင် ရေခဲသေတ္တာထဲကထုတ်ပြီး ရှားစောင်းလက်ပတ်တွေကို မျက်အိတ်ဖောင်းတဲ့နေရာပေါ် ၁၀ မိနစ်တင်ထားပေးပါ။ အချိန်ပြည့်ရင် ရေခဲရေနဲ့ ပြန်ဆေးချပေးပါ။ ဒီနည်းလမ်းကတော့ မျက်အိတ်ဖောင်းတာကို သက်သာစေပြီး မျက်စိအေးစေပါတယ်။

အုန်းဆီ

အုန်းဆီစစ်စစ် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ Lavender Essential Oil – ၁ စက်ကို ရောမွှေပြီး လက်ချောင်းလေးတွေနဲ့ယူကာ မျက်လုံးအောက်နားတစ်ဝိုက်ကို massage လုပ်ပေးပါ။ ပြီးရင်တော့ တစ်ညထားပြီး မနက်ရောက်မှ mild cleanser နဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။ ဒါလည်း မျက်အိတ်ဖောင်းတာကို သက်သာစေတဲ့ နည်းလမ်းပါပဲ။