အားလုံးပဲမင်္ဂလာပါနော်။ ဦးရေပြား အနံ့ထွက်တာက များသောအားဖြင့် ဆဲလ်သေနဲ့ ဘက်တီးရီးယားတွေကြောင့် အဖြစ်များပြီး ချွေးထွက်များတာ၊ ခေါင်းကိုသေချာမသန့်စင်ပေးတာ၊ ဗောက်ထပြီး ဦးရေပြားမှိုစွဲတာနဲ့ ဓာတုပစ္စည်း ပါဝင်မှုများတဲ့ ဆံသားပြုပြင်ပစ္စည်းတွေသုံးမိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများခြင်း၊ ဟော်မုန်းမညီမျှခြင်းနဲ့ အနံ့ပြင်းတဲ့အစားအသောက်တွေကြောင့်ပါ ဖြစ်တတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဂရုစိုက်ဖို့လည်း အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာ ဦးရေပြားအနံ့ဆိုးပျောက်ဖို့အတွက် ကိုယ်တိုင်လုပ်ရလွယ်ပြီး ထိထိရောက်ရောက်သက်သာစေမယ့် အိမ်တွင်းသဘာဝကုသနည်းတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ Tea Tree Oil


Tea Tree Oil လို Essential Oils တွေမှာ ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်တဲ့ အာနိသင်တွေပါဝင်တာကြောင့် ဦးရေပြားအနံ့ဆိုးထွက်ခြင်းကိုသက်သာစေတဲ့အပြင် သွေးလည်ပတ်မှုလည်းကောင်းစေပါတယ်။ သူက ဗောက်လည်းပျောက်ပြီး ဆံပင်သန်စေဖို့အတွက်ပါကူညီပေးနိုင်တာကြောင့် Tea Tree အဆီ လေး၊ ငါးစက်လောက်ယူပြီး ဦးရေပြားတစ်လျှောက်လိမ်းပေးပါ။ ဆီသီးသန့်မလိမ်းချင်တဲ့သူတွေအနေနဲ့ ခေါင်းလျှော်ရည်နဲ့ရောပြီးလည်း အသုံးပြုနိုင်သလို Tea Tree Oil ပါတဲ့ခေါင်းလျှော်ရည်မျိုးကိုလည်းသုံးကြည့်နိုင်ပါတယ်။

၂။ ပန်းသီးရှာလကာရည် (သို့) မုန့်ဖုတ်ဆိုဒါ


ပန်းသီးရှာလကာရည်နဲ့မုန့်ဖုတ်ဆိုဒါမှာပါတဲ့ အာနိသင်တွေကလည်း ဦးရေပြားအနံ့ကိုဖယ်ရှားပေးပြီး အဆီပြန်ခြင်းကိုပါ သက်သာစေပါတယ်။ ပန်းသီးရှာလကာရည်က တစ်ခါတစ်ရံမှာ ဓာတ်မတည့်ဘဲယားယံတာမျိုးဖြစ်နိုင်တာကြောင့် Sensitive အသားအရေရှိသူတွေနဲ့ မုန့်ဖုတ်ဆိုဒါကိုအသုံးပြုပေးပါ။ ပြုလုပ်ရမှာက ပန်းသီးရှာလကာရည် (သို့) မုန့်ဖုတ်ဆိုဒါကို ရေနဲ့ဆတူရောပြီး ရလာတဲ့အရည်ကို ဦးရေပြားပေါ်လောင်းချပေးပါ။ ပြီးနောက် ခေါင်းပြန်လျှော်ချနိုင်ပါတယ်။

၃။ ရှားစောင်းလက်ပတ် Gel


ရှားစောင်းလက်ပတ်က ဆံသားအတွက်များစွာအကျိုးပြုတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ဆံပင်ကျွတ်ခြင်းကနေ ဦရေပြားအနံ့ထွက်ခြင်းတွေအထိသက်သာစေပါတယ်။ သူ့ရဲ့ Gel က ဆဲလ်သေတွေကိုဖယ်ရှားပြီးပြုပြင်ပေးတာကြောင့် ဦးရေပြားကိုသန့်စင်စေပြီး ဆံသားတွေကိုပါ နူးညံ့တောက်ပစေပါလိမ့်မယ်။

၄။ သံပယိုရည်


သံပယိုရည်ကလည်း ဦးရေပြားပေါ်က အနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကိုဖယ်ရှားပေးပြီး ဦးရေပြားသန့်စင်မှု pH ပမာဏကိုထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံသားမွှေးညှင်းပေါက်တွေကို သန်မာစေပြီး အဆီပြန်ပြီး ဗောက်ထခြင်းနဲ့ မှိုစွဲခြင်းတွေမဖြစ်အောင်ပါ ကာကွယ်ပေးနိုင်တာကြောင့် သံပယိုရည်အနည်းငယ်ကို ရေနွေးနွေးနဲ့ရောပြီး ဦးရေပြားမှာပွတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီးနောက် ပြန်လည်ဆေးချနိုင်ပါတယ်။ သူ့မှာပါတဲ့ အက်စစ်ဓာတ်က Sensitive Skin ရှိသူတွေနဲ့ ဦးရေပြားမှာ အနာရှိသူတွေအတွက် ယားယံပြီးစပ်ဖြင်းဖြင်းဖြစ်စေတာကြောင့် သတိထားပြီးအသုံးပြုပေးဖို့လည်း မမေ့သင့်ပါဘူး။

၅။ ခရမ်းချဉ်သီးဖျော်ရည်


ဦးရေပြားသန့်စင်ပြီး အနံ့ပျောက်စေဖို့ ခရမ်းချဉ်သီးအရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ပြုလုပ်ရမှာကတော့ လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့ ခရမ်းချဉ်သီးအရည်ကို ဦးရေပြားမှာလိမ်းပေးပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့်အထိထားပေးပါ။ ပြီးနောက်မှာတော့ ခေါင်းပြန်လျှော်ပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar