အားလုံးပဲ မင်္ဂလာပါနော်။ ချွေးပေါက်ကျယ်တာက အသားကြမ်းပြီး ရုပ်ရင့်သွားသလို မြင်ရတဲ့အပြင် ချွေးပေါက်ထဲ ဖုန်နဲ့ ဘက်တီးရီးယားတွေ ဝင်လွယ်တာမို့ ချွေးပေါက်ပို ပိတ်တတ်ပါတယ်။ ချွေးပေါက်ပိတ်တာနဲ့ ဝက်ခြံထွက်တဲ့ပြဿနာတွေ ဖြစ်လာမှာပါ။ ဒါတွေမဖြစ်ရအောင် ချွေးပေါက်ကျယ်တာသက်သာဖို့ အိမ်မှာပဲ ကိုယ်တိုင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ဒီတစ်ခေါက်မှာ မျှဝေပေးသွားမှာပါ။ လုပ်ရလွယ်ပြီး အသားအရေကိုပါ ကြည်လင်လာစေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

ကြက်ဥအကာ သုံးပါ


ကြက်ဥအကာ အစိမ်းမှာ အသားအရေတင်းရင်းပြီး မျက်နှာပေါ်က ချွေးပေါက်တွေကျဉ်းစေတဲ့ အာနိသင်ရှိပါတယ်။ သင့်အနေနဲ့ လုပ်ရမှာက ကြက်ဥအကာကို အရည်ကျဲတဲ့အထိ မွှေပြီး မျက်နှာအနှံ့လိမ်းပေးရုံပါပဲ။ လိမ်းထားပြီး ကြက်ဥအရည်ခြောက်သွားတော့မှ မျက်နှာပြန်သစ်ပေးပါ။ မျက်နှာ Sensitive မဖြစ်တတ်တဲ့သူတွေက အာနိသင်ပိုကောင်းဖို့ သံပယိုရည် နှစ်စက်သုံးစက်လောက် ညှစ်ပြီးသုံးတာမျိုး လုပ်နိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့ ချွေးချွတ်ပေးသင့်ပါတယ်


အရေပြားအပေါ်လွှာက မလိုတဲ့အညစ်အကြေးနဲ့ ဆဲလ်သေတွေ ချေးချွတ်သန့်စင်ပေးမှ ချွေးပေါက်တွေ သန့်စင်ပြီး အရွယ်အစားကျဉ်းစေမှာပါ။ ဒီ့အတွက် ချွေးချွတ်အာနိသင်ပါဝင်တဲ့ မုန့်ဖုတ်ဆိုဒါကို သုံးကြည့်နိုင်ပါတယ်။ သူ့ကို ရေနွေးနွေးနဲ့ ဖျော်ပြီး အနှစ်ပုံစံရအောင် မွှေပေးပါ။ ရလာတဲ့အနှစ်ကို မျက်နှာမှာ နှိပ်နယ်ကာ လိမ်းပေးပြီး ရေနွေးလေးနဲ့ပဲ ပြန်ပြီးသန့်စင်ပေးရပါမယ်။

ဒိန်ချဉ်ကလည်း အသုံးဝင်ပါတယ်


ကျန်းမာရေးအာနိသင်များတဲ့ ဒိန်ချဉ်ကို အသားအရေနဲ့ ချွေးပေါက်ကျယ်တာအတွက်ပါ သုံးနိုင်ပါတယ်။ ဒိန်ချဉ်ပလိန်းကို မျက်နှာမှာ ခပ်ပါးပါးလေး လိမ်းပြီး ၁၀ မိနစ်လောက် ပေါင်းတင်ထားကာ ရေအေးအေးနဲ့ ဆေးချပေးပါ။ အသားအရေကြည်လင်ပြီး သိသိသာသာ ချွေးပေါက်ကျဉ်းဖို့ တစ်ပတ်တစ်ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။

Clay Mask ကပ်ပေးပါ


Clay Mask က မျက်နှာပေါ်က အဆီနဲ့ အဆိပ်အတောက်တွေဖယ်ရှားပြီး ချွေးပေါက်တွေကို သန့်စင်ပေးနိုင်တာမို့ အဆီပြန်သမားတွေအတွက်ဆို အရမ်းအသုံးဝင်ပါတယ်။ ချွေးပေါက်ကျယ်တာလည်း သက်သာစေမှာဖြစ်လို့ Clay Mask နဲ့ ပုံမှန်ပေါင်းတင်တာမျိုး လုပ်ကြည့်ပါ။

ခရမ်းချဉ်သီးနဲ့ Oatmeal ရောသုံးပေးပါ


ခရမ်းချဉ်သီးမှာ ချွေးပေါက်တွေသန့်စင်ပေးနိုင်တဲ့ သဘာ၀ အာနိသင်တွေပါဝင်တဲ့အပြင် Oatmeal ရဲ့ အာနိသင်ကလည်း ချွေးပေါက်ထဲထိ ချေးချွတ်ပေးနိုင်တာမို့ သူတို့နှစ်မျိုးကို ရောပြီး အနှစ်ဖြစ်အောင် မွှေကာ မျက်နှာမှာ ပွတ်ပြီးလိမ်းပေးပါ။ မိနစ် ၃၀ လောက်ပေါင်းတင်ထားပြီး မျက်နှာပြန်သစ်လိုက်တာနဲ့ ချွေးပေါက်တွေကျုံ့သွားသလို ခံစားမိပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar