ပျိုမေတို့ မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပေးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး (၅) မျိုး
မင်္ဂလာပါ ပျိုမေတို့ရေ။ သင်က မနက်စောစောထရတာကို မကြိုက်တဲ့သူဆိုရင်တော့ မနက်ခင်းမှာ လေ့ကျင့်ခန်းအတွက် အချိန်ပေးဖို့ ခက်ခဲနိုင်မှာပါ။ ဒါပေမယ့် မနက်ထတာနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတာကို သိထားပြီးပြီလား။ ဒီတစ်ခေါက်မှာ မနက်ခင်း လေ့ကျင့်ခန်းလုပ်ခြင်းကတစ်ဆင့် ရရှိနိုင်တဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မနက်ပိုင်းမှာ လှုပ်လှုပ်ရှားရှားနေနိုင်ဖို့ တွန်းအားတစ်ခုဖြစ်စေမှာမို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-
အာရုံစိုက်နိုင်စွမ်းပိုကောင်းစေတယ်
နေ့လည်ဘက်တွေဆို တက်တက်ကြွကြွမရှိတော့ဘဲ ပျင်းပြီး အာရုံလွင့်တတ်တဲ့သူဆိုရင် မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ကြည့်ုဖို့ အကြံပေးချင်ပါတယ်နော်။ တစ်နေ့တာအတွက် နေ့တစ်နေ့ရဲ့အစက အရေးအကြီးဆုံးမို့ မနက်ပိုင်းမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတဲ့အခါ စိတ်ရောကိုယ်ပါ ပေါ့ပါးပြီး မှတ်ဉာဏ်နဲ့ အာရုံစိုက်နိုင်အား တက်လာစေမှာပါ။
စိတ်ကြည်လင်ပြီး အလုပ်ပိုလုပ်နိုင်တယ်
လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ပျော်ရွှင်မှုဟော်မုန်းတစ်ချို့ ထွက်စေတာမို့ သင့်ကိုပုံမှန်ထက် စိတ်ကြည်လင်စေပါတယ်။ ပျိုမေတို့အနေနဲ့ မနက်ပိုင်းမှာ အချိန်မရဘူးဆိုရင်တောင် အနီးအနားကို လမ်းဆင်းလျှောက်တာ၊ စက်ဘီးစီးသွားတာမျိုး လုပ်ကြည့်ပါ။ တစ်နေ့လုံး Mood ကောင်းပြီး အလုပ်တွေ ပိုပြီးအောင်လုပ်နိုင်လာပါလိမ့်မယ်။
အားအင်ပိုရှိစေတယ်
မနက်ပိုင်းမှာ ကြွက်သားတွေလှုပ်ရှားပေးလိုက်တာကတစ်ဆင့် ခန္ဓာကိုယ်က ပုံမှန်ထက် အမောခံနိုင်ပြီး အားပိုရှိလာတတ်ပါတယ်။ ခန္ဓာကိုယ် လေးလံနေတာမျိုးမဖြစ်တော့ဘဲ ပေါ့ပါးပြီး ကိုယ်နေဟန်ထား Balance ပိုဖြစ်လာမှာပါ။
ကိုယ်တွင်းအဆီလောင်ကျွမ်းမှုပိုများစေတယ်
လေ့လာမှုတွေအရ မနက်ခင်းအချိန် အထူးသဖြင့် မနက်စာမစားရသေးခင် လေ့ကျင့်ခန်းလုပ်ပေးတာက ဗိုက်ချပ်ကာ ကိုယ်တွင်းအဆီကိုပိုပြီး ချေဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။ ကိုယ်တွင်းအဆီလျော့ပြီး ကြွက်သားသန်မာစေတာမို့ အချိန်ကြာကြာမလုပ်နိုင်ရင်တောင် ၁၅ မိနစ်လောက် လှုပ်လှုပ်ရှားရှားနေတာမျိုး လုပ်ကြည့်ပါ။
ညဘက်ကောင်းကောင်းအိပ်ပျော်စေတယ်
မနက်ပိုင်းမှာ လှုပ်လှုပ်ရှားရှားနေလိုက်တာက ညဘက်နှစ်နှစ်ခြိုက်ခြိုက်ပိုအိပ်ပျော်ဖို့ တွန်းအားဖြစ်စေပါတယ်နော်။ သင်ကအိပ်မပျော်တတ်တဲ့သူဆိုရင် မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်တာမျိုး Try ကြည့်ပါ။
Photo Source: Pinterest
By MyStyle Myanmar