မင်္ဂလာပါ ပျိုမေတို့ရေ။ အိုက်စပ်စပ်နဲ့ ချွေးစို့တဲ့ရာသီရောက်ရင် အပူကြောင့် ဆံပင်ခြောက်တာ၊ ဆံသားဖွာပြီး ပျက်စီးတာတွေအဖြစ်များပါတယ်။ ဒီလိုရာသီဥတုက ဆံသားကိုပိုပြီး ထိခိုက်လွယ်တာမို့ သင့်အနေနဲ့ ထိရောက်တဲ့ ဆံသားထိန်းသိမ်းနည်းတွေကို သိထားတာအကောင်းဆုံးပါပဲ။ ဒါကြောင့်မို့ အပူများပြီး ချွေးထွက်လွယ်တဲ့ရာသီမှာ ဆံသားပြဿနာတွေ ကာကွယ်နိုင်ဖို့ ထည့်လုပ်ပေးသင့်တဲ့ Hair Care နည်းလမ်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဆံသားအမျိုးအစားတိုင်းအတွက် အသုံးဝင်တာမို့ လိုက်လုပ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်-

အစိုဓာတ်ပေးပါ


ဆံသားကို အပူဒဏ်က ကာကွယ်ဖို့ ပထမဆုံးနဲ့အရေးကြီးဆုံးက အစိုဓာတ်ဖြည့်ပေးဖို့ပါ။ အစိုဓာတ်မရှိတဲ့ ဆံနွယ်တွေက ဖွာလွယ်တာမို့ ဆံသားအစိုဓာတ်ပေးနိုင်မယ့် Conditioner မှန်မှန်သုံးတာ၊ သဘာဝနည်းတွေနဲ့ အစိုဓာတ်ဖြည့်ပေါင်းတင်တာမျိုး လုပ်ပေးသင့်ပါတယ်။

ခေါင်းလျှော်ပြီး သဘာဝအတိုင်း ရေခြောက်အောင်ထားပါ


ဆံပင်ရေခြောက်ဖို့အတွက် Dryer သုံးလိုက်တာက အချိန်သက်သာပြီး လွယ်ပေမယ့် ပူတဲ့ရာသီမှာ Dryer အပူနဲ့ မမှုတ်တာအကောင်းဆုံးပါပဲ။ လေပူတွေက သင့်ဦးရေပြားနဲ့ ဆံသားပေါ်က အဆီနဲ့ အစိုဓာတ်တွေ ခန်းခြောက်သွားနိုင်တာမို့ ဆံပင်ပျက်စီးလွယ်စေမှာပါ။ ဒါကြောင့်မို့ ခေါင်းလျှော်ပြီးတဲ့အခါ အမွှေးနုပုဝါလေးနဲ့ ရေစင်အောင် ဖြေးဖြေးချင်းသုတ်ပြီး သဘာဝလေနဲ့ အခြောက်ခံပေးတာမျိုး လုပ်သင့်ပါတယ်။

ရာသီဥတုအလိုက် ဆံသားပစ္စည်းတွေပြောင်းသုံးဖို့လိုပါတယ်


ပူတဲ့ရာသီမှာ ထုံးတာ၊ ဖွာတာတွေမဖြစ်ဘဲ တောက်ပတဲ့ဆံကေသာလေးပိုင်ဆိုင်ဖို့ဆိုရင် ဒီလိုကာလအတွက် သီးသန့်ထုတ်ထားတဲ့ ဆံသား Product တွေသုံးပေးသင့်ပါတယ်နော်။ အပူဒဏ်ကိုကာကွယ်ပြီး အစိုဓာတ်ပေးနိုင်တဲ့ Silicone နဲ့ Argan Oil တို့လို အာနိသင်တွေပါတဲ့ ပစ္စည်းတွေရွေးသုံးပေးဖို့လိုပါတယ်။

ခေါင်းလျှော်ပြီးတိုင်း ရေအေးနဲ့ဆေးချပါ


ခေါင်းလျှော်လို့ပြီးတဲ့အချိန်မှာ ဆံပင်ကို ရေအေးလေးနဲ့ တစ်ထပ်လောင်းချပေးလိုက်တာက သင့်ဦးရေပြားပေါ်က ချွေးပေါက်တွေပြန်ပိတ်သွားစေတာမို့ အစိုဓာတ်မဆုံးရှုံးတော့အောင် ပံ့ပိုပြီးသား ဖြစ်မှာပါ။

ဆံပင်စည်းထားပေးတာ ပိုကောင်းပါတယ်


အရမ်းပူရင် ဆံပင်ချထားရတာ ချွေးနဲ့ စေးကပ်ကပ်ဖြစ်လာမှာမို့ ဆံပင်ကို စည်းထားပေးတာ ပိုကောင်းပါတယ်။ စည်းပေးလိုက်တဲ့အခါ ဆံသားဖွာမှာလည်း စိတ်ပူစရာမလိုတော့ပါဘူးနော်။ ဒ့ါအပြင် ဆံသားကို ဦးထုပ်၊ ထီးစတဲ့ အကာအကွယ်ပါမှ နေပူထဲထွက်ဖို့ကိုလည်း မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar