မင်္ဂလာပါနော်။ ခေါင်းလျှော်ထားရင်တောင် အဆီပြန်ပြီး စေးကပ်ကပ်ဖြစ်တတ်တဲ့ ဆံသားပြဿနာနဲ့ ကြုံနေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးမှာပါတဲ့ နည်းလမ်းတွေက သင့်အတွက် အသုံးဝင်မှာပါ။ ခေါင်းအဆီအရမ်းထွက်တာ၊ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးတွေအသုံးများတာ၊ ဆံပင်ကို အပူနဲ့ လက်နဲ့ခဏခဏထိတွေ့တာတွေက ဆံသားစေးကပ်စေတဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။ ဒီလိုမျိုး ဦးရေပြားနဲ့ ဆံပင်တွေစေးကပ်ကပ်ဖြစ်တာများလာရင် ခဏခဏ ခေါင်းယားပြီး ဗောက်တွေပါထလာစေမှာပါ။ ဒါတွေကိုပြန်လည်သက်သာဖို့ အခုတစ်ခေါက်မှာ စေးကပ်လွယ်တဲ့ဆံသားအတွက် ထိန်းသိမ်းနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ Conditioner အလွန်အကျွံမသုံးပါနဲ့

အဆီပြန်တတ်တဲ့ ဆံသားရှိသူတွေက Conditioner ခဏခဏသုံးဖို့မလိုပါဘူး။ သုံးတဲ့အခါမှာလည်း Oil-Free ဖစ်တာမျိုးကိုသာ ရွေးချယ်သင့်ပြီး ဦးရေပြားထိမလိမ်းဘဲ ဆံပင်အဖျားပိုင်းတွေအတွက်ပဲ သုံးပေးပါ။ Conditioner သုံးပြီးတိုင်း ရေနဲ့စင်အောင်ပြန်ဆေးပေးဖို့လည်း မမေ့ပါနဲ့။

၂။ အပူချိန်များတဲ့ပစ္စည်းတွေနဲ့ ဆံသားပုံသွင်းတာကိုရှောင်ပါ

ဦးရေပြားက အပူနဲ့ထိတွေ့တာများတဲ့အခါ အဆီထွက်တတ်ပါတယ်။ ဒါကြောင့်မို့ ဆံပင်နဲ့ဦးရေပြားကို စက်အပူနဲ့ခဏခဏထိတွေ့တာ၊ အကာအကွယ်မပါဘဲ နေပူထဲထွက်တာမျိုးမလုပ်မိအောင် သတိထားပေးပါ။ မဖြစ်မနေ ဆံသားပုံသွင်းဖို့လိုလာတဲ့အခါ ဦးရေပြားအထိမရောက်အောင် အတတ်နိုင်ဆုံးအပူလျှော့ပြီး သုံးပေးသင့်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်တဲ့အချိန် ဆံပင်နဲ့ ခန္ဓာကိုယ်ကိုမထိအောင်ထားပါ

လေ့ကျင့်ခန်းလုပ်တတ်တဲ့သူတွေအနေနဲ့ ဆံပင်ကို မျက်နှာ၊ နောက်ကျောတို့နဲ့မထိအောင် လှန်တင်ထားဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်ကချွေးနဲ့ ဆံပင်တို့ ထိတွေ့တာများတဲ့အခါ ဆံသားကိုပိုပြီး စေးကပ်စေတာကြောင့်ပါ။

၄။ Tea Tree အဆီသုံးပါ

Tea Tree မှာပါတဲ့အာနိသင်က ဆံသားတွင်းက မလိုအပ်တဲ့အဆီတွေစုပ်ယူပေးပြီး စေးကပ်မှုနည်းအောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဦးရေပြားပေါ်တိုက်ရိုက်လိမ်းနိုင်ပြီး စိမ့်ဝင်သွားအောင် မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးပါ။ ဦးရေပြားကို သန့်စင်ပေးတာကြောင့် ခေါင်းယားခြင်းနဲ့ ဗောက်ပြဿနာကိုပါ ဖြေရှင်းပြီးသားဖြစ်စေပါလိမ့်မယ်။

၅။ Homemade Scrub နဲ့ပေါင်းတင်ပေးပါ

Photo Source: Femina.in

အဆီပြန်တဲ့ဆံသားအတွက် ထိရောက်တဲ့ Homemade Scrub တိုက်နည်းကတော့ သကြား၊ နံ့သာ၊ ရှားစောင်းလက်ပတ်နဲ့ နှင်းဆီရည်တို့ပါဝင်တဲ့နည်းလေးပဲဖြစ်ပါတယ်။ လုပ်ရမယ့်ပုံစံက သကြားတစ်ဇွန်း၊ နံ့သာနှစ်ဇွန်းတို့ကို ခွက်တစ်ခွက်ထဲမှာရောပြီး ရှားစောင်းလက်ပတ်အနည်းငယ်ကိုပါ ထည့်ပါ။ နောက်ဆုံးမှာ နှင်းဆီရည် တစ်ဇွန်း (သို့) နှစ်ဇွန်းထည့်ပြီး အနှစ်ရတဲ့အထိ မွှေပေးရမှာဖြစ်ပါတယ်။ ရလာတဲ့အနှစ်ရည်ကို ဆံကြောင်းခွဲပြီး နှံ့နေအောင် နှိပ်နယ်လိမ်းပေးကာ မိနစ် (၂၀) လောက်ထားပါ။ အချိန်ပြည့်တာနဲ့ ရေပြန်ဆေးလိုက်ရုံပါပဲ။

Photo Source: Pinterest

By MyStyle Myanmar