ပျိုမေတို့ထဲမှာ ကိုယ့်ဆံသားကို နေ့ပိုင်းတွေမှာပဲ ဂရုစိုက်ပြုပြင်တတ်တဲ့သူတွေရှိကြလား။ အမြဲကျန်းမာသန်စွမ်းတဲ့ဆံကေသာကိုပိုင်ဆိုင်ချင်သူတွေအနေနဲ့ ဆံသားကို နေ့တစ်ပိုင်းထဲဂရုစိုက်ပေးရုံနဲ့ မလုံလောက်နိုင်ပါဘူး။ ညဘက်တွေမှာလည်း ကိုယ်တိုင်ကသတိမထားမိဘဲ ဆံသားပျက်စီးအောင်လုပ်မိနေတဲ့ အချက်တွေရှိနိုင်ပါတယ်။

ဒါတွေကို သတိထားပြီး ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ညပိုင်းမှာပြုလုပ်ပေးရမယ့် မှန်ကန်တဲ့နည်းလမ်းနဲ့ အမူအကျင့်တွေ သိထားရင်တော့အကောင်းဆုံးပါပဲ။ ဒီကြောင့် ဒီတစ်ခေါက်မှာ ဆံသားကျန်းမာရေးအတွက် ညအိပ်ရာမဝင်ခင် လိုက်နာပေးရမယ့်အချက်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆံပင်ရေစိုနဲ့ အိပ်ရာမဝင်မိပါစေနဲ့


ခေါင်းလျှော်ပြီးပြီးချင်း ဆံပင်ရေမခြောက်သေးတဲ့အချိန်တွေက ဆံသားအားနည်းပြီး ပျက်စီးဖို့လွယ်တဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခေါင်းလျှော်ပြီးချက်ချင်း ခေါင်းဖြီးတဲ့အခါမျိုးမှာ ဆံပင်ကျွတ်တာတွေ ပိုဖြစ်တတ်တာပါ။ အလားတူ ဆံပင်အစိုနဲ့အိပ်ရာဝင်တဲ့အခါမှာ ဆံပင်အနံ့ထွက်လွယ်တာ၊ အိပ်ရာနဲ့ဖိမိတာကြောင့် ဆံပင်ပိုကျွတ်တာစတာတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဆံပင်မခြောက်သေးဘဲ အိပ်ရာဝင်တာမျိုးကိုရှောင်ပေးသင့်ပါတယ်။

၂။ ဆံပင်စည်းပြီး အိပ်ရာဝင်ခြင်းကိုရှောင်ပါ


ဆံပင်ကိုစည်းနှောင်ပြီး အိပ်ရာဝင်တာက ဆံသားအရင်းတွေကိုဖိအားဖြစ်စေပြီး အားနည်းလာစေပါတယ်။ အချိန်ကြာလာတဲ့အမျှ ဆံပင်အရင်းတွေအားနည်းပြီး ဆံပင်ကျွတ်လွယ်တာနဲ့ ဆံသားပြတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ မနက်ပိုင်းတွေမှာလည်း သက်တောင့်သက်သာမရှိဘဲ ဦးရေပြားနာကျင်ခြင်းတွေ ဖြစ်တတ်တာကြောင့် ဆံပင်စည်းပြီးအိပ်တာမျိုးကိုရှောင်ဖို့အကြံပြုချင်ပါတယ်။

၃။ ဦးရေပြားကိုနှိပ်နယ်ပေးပါ


ဆံသားအရင်းတွေသန်စွမ်းဖို့အတွက် ဦးရေပြားကျန်းမာရေးကလည်း အရေးကြီးပါတယ်။ အိပ်ရာမဝင်ခင်မှာ ဦးရေပြားတစ်ဝိုက် ၁၅မိနစ်ခန့်နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကောင်းစေတဲ့အပြင် နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင် ဆံပင်အရှည်မြန်စေဖို့ပါ အထောက်အကူဖြစ်စေပါတယ်။

၄။ Hair Serum ဒါမှမဟုတ် Oil တစ်မျိုးလိမ်းအိပ်ပါ


Hair Serum တစ်မျိုးလိမ်းအိပ်တာကလည်း နောက်နေ့မနက်မှာ အစိုဓာတ်ပြည့်ဝတဲ့ဆံကေသာကို ရရှိစေပါတယ်။ ဒါကြောင့် အိပ်ခါနီးမှာ အဆီတစ်မျိုးလိမ်းပြီး ဆံပင်အထုံးတွေမရှိအောင် ခေါင်းဖြီးပေးပါ။

၅။ ပိုးသားခေါင်းအုံးစွပ်တွေအသုံးပြုပါ


ချည်သားတွေကအသားကြမ်းတာကြောင့် သင့်ဆံသားကျန်းမာရေးကိုမပံ့ပိုးပေးနိုင်ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက် ပိုးသားခေါင်းအုံးစွပ်အသားတွေကို အသုံးပြုပေးပါ။ ဒါက သင့်ကိုအိပ်တဲ့အချိန်မှာ ဆံပင်ငြိပြီးကျွတ်ထွက်ခြင်းတွေ မဖြစ်အောင်ကူညီပေးရာလည်းရောက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar