စာဖတ်သူတို့ အားလုံးပဲ မင်္ဂလာပါနော်။ ညဘက်ကောင်းကောင်းအိပ်မပျော်တာက အိပ်ရေးမဝတာကြောင့် နောက်တစ်နေ့မနက်မှာ စိတ်အာရုံနောက်တာ၊ အဆိုးမြင်စိတ်များတာနဲ့ အသားအရေမွဲခြောက်ကာ လူနုံးပြီး ကျန်းမာရေးကိုပါ ထိခိုက်လာတတ်ပါတယ်။ အိပ်မရတဲ့သူတွေအတွက် ညဘက်အိပ်ပျော်ဖို့ ကြိုးစားရတာထင်သလောက်တော့ မလွယ်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ဆိုရင် ညပိုင်းမှာလုပ်နေကျ အလေ့အကျင့်တွေနဲ့လည်း ဆိုင်တာမို့ သင့်အနေနဲ့ အိပ်ချင်စိတ်ဖြစ်စေဖို့ ပံ့ပိုးပေးမယ့်အရာတွေကို လုပ်ပေးတာအကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာ ညအိပ်မပျော်တဲ့သူတွေအတွက် အိပ်ချိန်မှန်ဖို့ အကျင့်လုပ်ပေးသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
အခန်းမီးမှိန်ထားပါ (သို့မဟုတ်) မျက်လုံးကာတပ်ပါ
အိပ်ချိန်ရောက်ပြီဆိုရင် အခန်းမီးလင်းနေတာထက် ခပ်မှိန်မှန် ဒါမှမဟုတ် ပိတ်ထားတာက ဦးနှောက်ကို အနားယူချိန်အဖြစ် အသိပေးလိုက်သလို ဖြစ်တာမို့ နှစ်နှစ်ခြိုက်ခြိုက်ပိုအိပ်ပျော်စေပါတယ်နော်။ မျက်လုံးအကာလေးတွေတပ်ထားတာကလည်း သင့်မျက်လုံးကိုအလင်းမစူးအောင် ကာပြီးသားဖြစ်တာမို့ ဘယ်နေရာမှာမဆို အိပ်ပျော်ဖို့လွယ်အောင် ကူညီပေးမှာပါ။
အိပ်ချိန်မတိုင်ခင် တစ်နာရီလောက်ကြိုပြီး ဖုန်းမသုံးပဲထားတာ ပိုကောင်းပါတယ်
ဖုန်းနဲ့စက်ပစ္စည်းတွေရဲ့အလင်းက မျက်စိကြောင်ပြီး အိပ်မရဖြစ်တတ်တာမို့ အိပ်ချိန်မရောက်ခင် တစ်နာရီလောက်ကြိုပြီး မသုံးဘဲထားတာ အကောင်းဆုံးပါပဲ။
အတွေးတွေကို ရှင်းထုတ်ပါ
အိပ်ခါနီး ဖုန်းသုံးမယ့်အစား စိတ်ကိုအနားပေးပြီး အတွေးတွေကို ရှင်းထုတ်တဲ့ အလေ့အကျင့်လုပ်ပေးဖို့ လိုပါတယ်။ အိပ်ချိန်ရောက်ပြီဆိုရင် မျက်စိမှိတ်ပြီး ခန္ဓာကိုယ်ကိုလည်း သက်တောင့်သက်သာအနေအထား လှဲချကာ စိတ်တွေကိုစုစည်းနိုင်အောင် ကြိုးစားကြည့်ပါ။ တရားထိုင်သလို အသက်ရှုတာကို အာရုံစိုက်ပေးတဲ့ အလေ့အကျင့်ကလည်း မြန်မြန်အိပ်မောကျစေဖို့ ကူညီပေးနိုင်ပါတယ်။
အိပ်ချိန်နဲ့နီးပြီး အစားမစားသင့်ပါဘူး
အိပ်ချိန်နဲ့နီးပြီး အစားစားရင် ဝိတ်တက်ရုံတင်မက အိပ်မပျော်ခြင်းကိုလည်း ဖြစ်စေပါတယ်နော်။ ညပိုင်းမှာ စားလိုက်တဲ့အခါ ခန္ဓာကိုယ်က အစာခြေဖို့ခက်သွားတာမို့ လေးလံပြီး အိပ်လို့မရတော့တာမျိုး ဖြစ်လာတတ်ပါတယ်။
သီချင်းအေးအေးလေး ဖွင့်ထားပေးပါ
အိပ်ရာဝင်တဲ့အခါ နားဝင်ချိုတဲ့ သံစဉ်ငြိမ့်ငြိမ့်လေးတွေဖွင့်ထားပေးတာက သင့်ကိုအာရုံမလွင့်အောင် ထိန်းပေးပြီး မြန်မြန်အိပ်ပျော်စေဖို့ ပံ့ပိုးပေးမှာပါ။
Photo Source: Pinterest
By MyStyle Myanmar