အားလုံးပဲ မင်္ဂလာပါနော်။ အထွေအထူး လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ အမူအကျင့်အချို့ လေ့ကျင့်ပေးရုံနဲ့ ချပ်ချပ်ရပ်ရပ်ဗိုက်သားလေး ပိုင်ဆိုင်နိုင်မယ်ဆိုရင် ပျိုမေတို့ စိတ်ဝင်စားကြလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ ဗိုက်အဆီပိုမရှိချင်သူတွေ ပုံမှန်အကျင့်လုပ်ထားသင့်တဲ့ အရာတွေအကြောင်းကို ဖော်ပြပေးသွားမှာပါ။ ဒါတွေကို နေသားကျတဲ့အထိ အကျင့်လုပ်ထားပေးရင် သူ့အလိုလို ဝိတ်ကိုပါထိန်းပြီးသားဖြစ်စေပါလိမ့်မယ်။

အစားမစားခင် ရေသောက်ချပါ


တစ်ခါတစ်ရံမှာ ရေဆာတာနဲ့ အစားစားချင်တာက ရောနေတတ်တာမို့ မစားခင် ရေသောက်ချလိုက်တာ မမှားပါဘူး။ ထမင်းစားခါနီး ကြိုပြီး ရေသောက်လိုက်တဲ့အခါ လိုတာထက်ပိုမစားမိအောင် ထိန်းပြီးသား ဖြစ်ပါလိမ့်မယ်။ တစ်ခါထဲ ရေအများကြီးသောက်စရာလည်း မလိုတာမို့ ထမင်းမစားခင်မှာ ရေတစ်ခွက်သောက်ချပြီး နည်းနည်းချင်းစီ တစ်နေ့တာ စုစုပေါင်း နှစ်လီတာလောက် သောက်ပေးသင့်ပါတယ်။

နည်းနည်းချင်းစီစားပါ


ဗှိက်မပူဖို့ နည်းနည်းချင်းစီစားတဲ့အကျင့်လုပ်ပေးဖို့လည်း လိုအပ်ပါတယ်နော်။ တစ်ခါစားရင် နည်းနည်းချင်းစီခွဲပြီး အကြိမ်ရေများများစားနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာက ကိုယ့်ရဲ့ဗိုက်ပြည့်တဲ့အချိန်ကို ပိုသတိထားမိစေတာမို့ စိတ်လွှတ်ပြီး စားမိတာမျိုး မဖြစ်တော့ပါဘူး။

ဗိုက်ဝရုံစားပြီး မိနစ် ၂၀ ခန့်စောင့်ကြည့်ပါ


သင့်အစာအိမ်က တကယ်ဗိုက်၀ မဝသိနိုင်ဖို့ စားပြီးတဲ့အခါ အချိန်အနည်းငယ်ပေးရပါတယ်။ ဒါကြောင့် အစာဝင်သွားတဲ့ အနေအထားတစ်ခုရောက်ပြီဆိုတာနဲ့ ထပ်မစားတော့ဘဲ ၁၅ မိနစ်လောက် စောင့်ကြည့်ပါ။ အချိန်ပြည့်လို့ ဗိုက်ဆာနေမှ နည်းနည်းထပ်စားတာမျိုး လုပ်သင့်ပါတယ်။ ဒါက သင့်ကိုမလိုဘဲ အစားမစားမိအောင် ထိန်းပေးမှာပါ။

အမြဲသတိတရရှိအောင် Goal သတ်မှတ်ပေးပါ


ထိန်းထားချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို Goal တစ်ခုအနေနဲ့ သတ်မှတ်ပေးထားတာကလည်း သင့်ကိုယ်သင်ထိန်းထားနိုင်ဖို့ သတိပေးနေသလို အထောက်အပံ့ဖြစ်စေမှာပါ။ ကိုယ်တကယ်လုပ်နိုင်မယ့် Goal မျိုးတော့ ဖြစ်ဖို့လိုပါမယ်။

အချိုစားတာ လျှော့ချလိုက်ပါ


အသင့်စားနဲ့ ချိုလွန်းတာတွေက ဗိုက်ဝဖို့တော့ခက်ပေမယ့် ကယ်လိုရီပါဝင်မှုများတတ်တာမို့ သင့်ကို မသိမသာနဲ့ ဝိတ်ပိုတက်စေပါတယ်။ ဒါကြောင့်မို့ အဆီနဲ့ သကြားများလွန်းတဲ့အစားအသောက်တွေရှောင်ပေးပါ။ အချိုကြိုက်တဲ့သူတွေအနေနဲ့ သဘာဝသစ်သီးအချိုတွေကို အစားထိုးစားတာမျိုး ပြုလုပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar