ရာသီအကူးအပြောင်းပေါ်မူတည်ပြီး အသားအရေပြောင်းလဲထိန်းသိမ်းမှုမရှိတာက တစ်ခါတစ်ရံမှာ သင့်ကို Skincare ဘယ်လောက်လုပ်လုပ် မထိရောက်တာမျိုး ဖြစ်တတ်ပါတယ်။ မိုးတွင်းလို စိုစွတ်မှုများတဲ့ ရာသီတွေမှာဆိုရင် ချွေးထွက်များပြီး အသားအရေ စေးကပ်ကပ်ဖြစ်လွယ်တာမို့ Oily Skin ရှိသူတွေက ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တဲ့ ပြဿနာနဲ့ ပိုကြုံရမှာပါ။ ဒီလိုမဖြစ်ရအောင် အဆီပြန်သမားတွေအတွက် မိုးတွင်းမှာ ပြောင်းလဲဖို့လိုအပ်တဲ့ Skincare နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ မျက်နှာသစ်ဆေး အပျော့သုံးပေးပါ

စိုထိုင်းထိုင်းရာသီမှာ အဆီ၊ ချွေး၊ ဖုန်နဲ့ မိတ်ကပ်အကျန်တွေ ကပ်လွယ်ပြီး ချွေးပေါက်ပိတ်တတ်တာမို့ မျက်နှာသန့်စင်တဲ့အဆင့်က အရမ်းအရေးကြီးပါတယ်။ အဆီပြန်တတ်သူတွေအနေနဲ့ ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ မျက်နှာသစ်ဆေးအပျော့တစ်မျိုးအသုံးပြုပြီး ဖြေးဖြေးချင်းပွတ်ကာ တစ်နေ့ နှစ်ကြိမ်ကနေ သုံးကြိမ်ကြား ပုံမှန်သန့်စင်ပေးပါ။ ချွေးပေါက်ပွင့်အောင် ရေနွေးနွေးကို အသုံးပြုနိုင်ပါတယ်။

၂။ မျက်နှာကို ဖြေးဖြေးချင်းပုံမှန် ချွေးချွတ်သန့်စင်ပါ

နောက်ထပ် အဆီပြန်တတ်သူတွေ မိုးတွင်းမှာလုပ်သင့်တဲ့ Skincare အဆင့်က မျက်နှာကို တစ်ပတ် နှစ်ကြိမ်လောက်ပုံမှန် ချေးချွတ်သန့်စင်ပြီး ဆဲလ်သေတွေ ဖယ်ရှားပေးရမှာပါ။ မျက်နှာချေးချွတ်ပေးတာက ချွေးပေါက်တွေကိုသန့်စင်ပေးပြီး အရေပြားအတွင်းအဆိပ်အတောက်ပျယ်စေတာမို့ အသားအရေကြည်ပြီး ဝက်ခြံပြဿနာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေပါလိမ့်မယ်။

၃။ Sunscreen လိမ်းဖို့ လုံးဝမမေ့ပါနဲ့

နေပူပူ၊ မိုးရွာရွာ သင့်အသားအရေကို ကာကွယ်ဖို့ Sunscreen တစ်ထပ်လောက်တော့ အနည်းဆုံးလိမ်းထားဖို့ လိုပါတယ်နော်။ ဘယ် Skin Type မဆို Sunscreen လိမ်းဖို့လိုအပ်ပြီး ပုံမှန်မလိမ်းမိတဲ့အခါ အရေပြားနေလောင်ကွက်နဲ့ အပူဖုတွေထွက်ပြီး အချိန်တိုအတွင်း အသားအရေပျက်စီးလာစေမှာပါ။

၄။ အစိုဓာတ်ဖြည့်ဖို့ နေ့စဉ် Moisturizer သုံးပါ

အဆီပြန်တတ်သူတွေမှာလည်း မျက်နှာအစိုဓာတ်ရဖို့လိုတာမို့ Moisturizer ပုံမှန်သုံးသင့်ပါတယ်နော်။ Moisturizer သုံးပြီး အစိုဓာတ်ဖြည့်ပေးတာက သင့်အသားအရေ ကြည်လင်ပြီး အရေပြားပြဿနာတွေ မဖြစ်အောင် အားဖြည့်ပေးမှာပါ။ အဆီပြန်သမားတွေအနေနဲ့ lightweight ဖြစ်တဲ့ Water-based တွရွေးသုံးသင့်ပါတယ်။ သဘာဝအတိုင်း အစိုဓာတ်ရစေမယ့် ရေများများသောက်တာမျိုးလည်း ပြုလုပ်ပေးဖို့ မမေသင့်ပါဘူး။

၅။ မိတ်ကပ် ခပ်ပါးပါးလေးပဲ လိမ်းသင့်ပါတယ်

မိတ်ကပ်ပျက်လွယ်တဲ့ရာသီဖြစ်တာမို့ ရေစိုခံမိတ်ကပ်တွေလိမ်းရာကတစ်ဆင့် သူ့မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အသားအရေပျက်စီးပြီး ဝက်ခြံထွက်လာတတ်ပါတယ်။ မိတ်ကပ်ထူထူတွေ လိမ်းတာကလည်း မိုးရေနဲ့ထိတဲ့အခါ အရည်ပျော်ကျပြီး ကြည့်ရဆိုးစေမှာပါ။ ဒါကြောင့် အဆီပြန်တတ်သူတွေအနေနဲ့ မိုးတွင်းမှာ မိတ်ကပ်ပါးပါးလေးပဲလိမ်းဖို့ အကြံပေးချင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar