ရှက်တတ်ခြင်းဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ဆွေးနွေးစရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။ အမေရိကန်လို တိုးတက်ခေတ်မီတဲ့နိုင်ငံမှာတောင် အရွယ်ရောက်သူ ၁၇ သန်းနီးပါးဟာ လူကြောက်တဲ့ စိတ်အခြေအနေ Social Phobia ရှိတယ်လို့ဆိုပါတယ်။ ဒီတော့ သင့်မှာ လူရှက်တတ်ရင် ဖြစ်ဖြစ် Social Phobia ရှိနေရင်ဖြစ်ဖြစ် သိပ်အထူးဆန်းကြီးတော့ မဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ ဆန့်ကျင်ဘက်လိင်တစ်ယောက်ယောက်နဲ့ တွေ့နေချိန်မှာပဲ ဖြစ်ဖြစ် သူစိမ်းတွေနဲ့ စကားပြောဖို့ ကြုံလာချိန်မှာပဲ ဖြစ်ဖြစ် ရှက်တတ်သူဆိုရင် အခုပြောမယ့် အကြံဉာဏ်တွေကို လိုက်နာသင့်ပါတယ်။

(၁) ဘာကို ရှက်တာလဲ သိအောင် လုပ်ပါ

Photo: Unimetre

အရင်ဆုံး သိရမယ့်အချက်က ဘာကြောင့် ရှက်တာလဲ သိအောင် ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ လူပျိုပေါက်မို့ ရှက်တာ ၊ တစ်ချို့က ပတ်ဝန်းကျင်ရဲ့ ဩဇာကြောင့် တစ်ချို့ကတော့ မိဘအုပ်ထိန်းချုပ်ချယ်မှုကြောင့် တစ်ချို့က စိတ်ထိခိုက်လောက်တဲ့ ရှက်စရာအခြေအနေနဲ့ ကြုံဖူးလို့ ဖြစ်နိုင်ပါတယ်။ရှက်ရတဲ့ အကြောင်းသိအောင် လုပ်ပြီး တစ်ခုချင်းစီကို မရှက်တတ်အောင် လုပ်ကြည့်ပါ။ ဥပမာ- လူကြားထဲ စကားပြောရမှာ ရှက်ရင် ကိုယ့်သူငယ်ချင်းတွေနဲ့ စကားဝိုင်းတိုင်းမှာ ဝင်ပြော နောက်ပိုင်း သူစိမ်းတွေနဲ့လည်း စကားသွားပြောပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် စမ်းလုပ်ကြည့်ပါ။ ဆက်ပြီး ရှက်ကြောက်နေမယ့်အစား ရင်ဆိုင်လိုက်တာ အလုပ်ဖြစ်ပါတယ်။

(၂) ကိုယ့်အားသာချက်ကို သိပါစေ

Photo: A Conscious Rethink

သင့်ကိုယ်သင် ယုံကြည်မှု ရှိရှိ လူတောထဲ တိုးဖို့အတွက် အရင်ဆုံး သင့်ရဲ့ အစွမ်းအစနဲ့ အရည်အသွေးကောင်းတွေကို တောက်ပြောင်အောင် ဖော်ထုတ်ပါ။ သင့်ကိုယ်သင် မိတ်ဆွေဖြစ်အောင် လုပ်ပါ။ သင့်ကိုယ်သင် ယုံကြည်မှု ရှိစေဖို့ ဝတ်စား သွားလာပါ။ စိတ်ထဲက စိုးရိမ်မှုကို နေရာမပေးပါနဲ့။ သင်လုပ်နိုင်မယ်ဆိုတဲ့ အတွေးကပဲ သင့်ကို လွှမ်းမိုးထားပါစေ။

(၃) လူတွေနဲ့ ရင်းနှီးအောင်နေပါ

Photo: iFuun

လူတွေနဲ့ ရင်းနှီးသွားရင် လူကြောက်တော့မှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းလိုက် ဆောင်ရွက်မှုတွေ ၊ စေတနာ့ဝန်ထမ်း အလုပ်တွေနဲ့ ပရဟိတ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပါ။ နေ့တိုင်း လူအသစ်တွေနဲ့ စကားပြောပါ။ အဲ့ဒီလို ပြောဖို့လည်း မစိုးရိမ်လိုက်ပါနဲ့။ လူတွေဟာ သင့် စိတ်ထဲမှာ အရင်က ထင်ထားသလောက် အန္တရာယ်မရှိပါဘူး။

(၄) မျက်လုံးချင်းဆိုင် ကြည့်တတ်တဲ့ အကျင့်လုပ်ပါ

Photo: Pinterest

Eye Contact လုပ်ခြင်းဟာ ရှက်တတ်တဲ့ အဆင့်ကို ကျော်ဖြတ်နိုင်ပြီလို့ မီးစိမ်းပြနေတာပါ။ မျက်လုံးချင်းဆုံပြီး စကားပြောတဲ့အခါမှာလည်း သင်ဟာ တစ်ခြားသူနဲ့ ဆက်သွယ်မှုရှိနေပြီး သင့်ကိုယ်သင်လည်း စိတ်ချယုံကြည်မှုရှိနေတယ်ဆိုတာ ပြသနေဖို့ လိုပါတယ်။ Eye Contact လုပ်နေချိန်မှာ ကိုယ့်ကို တစ်ဖက်လူ ဘယ်လို မြင်နေမှာလဲ မတွေးပါနဲ့။သူပြောနေတဲ့ စကားကိုပဲ သိချင်စိတ်နဲ့ နားထောင်ပြီး ကိုယ်ပြောချင်တဲ့ စကားလုံးကို ခေါင်းထဲက ရွေးနေသင့်ပါတယ်။ အလျင်းသင့်သလို ပြုံးပြတာ ၊ ကိုယ်အမူအယာ မှန်မှန်ကန်ကန် သုံးတာမျိုးလည်း လုပ်ဖို့ မမေ့ပါနဲ့။ အရေးကြီးတာက သင်ဟာ လွတ်လပ်နေတယ်လို့ ခံစားရဖို့ ဖြစ်လို့ စိတ်ကို အလွန်အမင်း ချုပ်တည်းထားတာမျိုး မလုပ်သင့်ပါဘူး။

(၅) သင့်ကိုယ်သင် ဂုဏ်ပြုပါ

Photo: lvwomanmagazine

ရှက်ကြောက်တတ်တဲ့ စိတ်ကို ကျော်ဖြတ်နိုင်တိုင်း သင့်ကိုယ်သင် ချီးကျူးပါ။ သင်လုပ်နိုင်ပြီလို့ ကိုယ့်ကိုယ်ကို သတိပေးနေပါ။ နေ့တိုင်းသာ‌ နည်းနည်းချင်း ရှက်ကြောက်တတ်တဲ့ စိတ်ကို ကျော်လွှားပြီး အဲ့ဒီအတွက် ကိုယ့်ကိုယ်ကို ကျေနပ်နေရင် လူတွေကြားထဲ မတိုးရဲတဲ့ အဖြစ်ကနေ အသာလေး လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။