မင်္ဂလာပါ ပျိုမေတို့ရေ။ မေးရိုးချွန်ချွန် V Shape မျက်နှာကျ၊ ခါးသေးသေး၊ ပေါင်တံသွယ်သွယ်နဲ့ ဖြူဝင်းတဲ့ အသားအရေ စတာတွေက အများစု သတ်မှတ်ထားတဲ့ အလှအပစံနှုန်းတွေပါပဲ။ အထူးသဖြင့် ကင်မရာရှေ့ စောင့်ကြည့်ခံရတဲ့ Kpop Idol တွေမှာဆိုရင် အလှအပပိုင်းနဲ့ ပက်သက်ပြီး အဖက်ဖက်က Perfect ဖြစ်နေအောင် ပြင်ဆင်ကြရပါတယ်။ အခုပြောပြမယ့် အမျိုးသမီး Idol တွေကတော့ ကိုးရီးယားလူမျိုးအများစု လက်ခံထားတဲ့ အလှအပစံနှုန်းတွေကနေ သွေဖယ်ပြီး ကိုယ်ပိုင်အလှကသာ ထူးခြားမှုရှိကြောင်း လက်ခံထားကြတဲ့သူတွေပါ။ သူတို့က လိုအပ်ချက်တွေရှိပေမယ့် အလှမပျက်ဘဲ ဆွဲဆောင်မှုရှိနေဆဲဖြစ်ကြောင်းကို သက်သေပြနေပါတယ်။ သင်ကိုယ်တိုင်လည်း အလှအပနဲ့ပက်သက်လို့ ယုံကြည်မှုမရှိဖြစ်နေရင် သူတို့ကိုကြည့်ပြီး အားတစ်ခုယူနိုင်တာမို့ ဘယ် Idol တွေဖြစ်မလဲဆိုတာ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-
MAMAMOO အဖွဲ့ဝင် Hwasa

အသံပါဝါကောင်းကောင်းနဲ့ စင်ပေါ်မှာအမြဲ ထင်ပေါ်နေတတ်တဲ့ Hwasa ကတော့ အသားအရောင်နဲ့ ခန္ဓာကိုယ်အချိုးအစားတွေအပေါ် သိပ်ဂရုမစိုက်ဘဲ ယုံကြည်မှုရှိရှိနေတတ်မယ်ဆိုရင် ဘယ်သူမဆို အလှဆုံးသူတစ်ယောက်ဖြစ်နိုင်ကြောင်း သက်သေပြနေတဲ့ Idol တစ်ဦးပါ။ Interview တစ်ခုမှာ သူမဟာ လက်ရှိမျိုးဆက်ရဲ့အလှအပစံနှုန်းတွေနဲ့ မကိုက်ညီရင် ကိုယ်ပိုင်စံနှုန်းတစ်ခု သတ်မှတ်လိုက်မယ်လို့ ယုံကြည်ချက်ရှိရှိ ပြန်ဖြေခဲ့ဖူးပါတယ်။
Twice အဖွဲ့ဝင် Jihyo
အသားဖြူတဲ့သူတွေကို ပိုပြီး အသားပေးတတ်တဲ့ Kpop လောကမှာ ညိုညက်ညက် အသားအရောင်ကလည်း အလှမပျက် ဆွဲဆောင်မှုရှိကြောင်း သက်သေပြနေတာကတော့ Twice အဖွဲ့ရဲ့ ခေါင်းဆောင် Jihyo ပါပဲ။
အဆိုတော် Aliee

Aliee ဟာဆိုရင် အဆိုတော်အဖြစ် စပြီးပွဲဦးထွက်ချိန်က သူမရဲ့ ကိုယ်အလေးချိန်နဲ့ ပက်သက်လို့ မကြာခဏ ဝေဖန်ခံခဲ့ရသူပါ။ သူမဟာ ဆိုးဝါးတဲ့ဝေဖန်မှုတွေကြောင့် အလွန်အကျွံဝိတ်ချရာကတစ်ဆင့် သီချင်းဆိုဖို့ အားမရှိတော့တဲ့အထိ ဖြစ်ခဲ့ဖူးတယ်လို့ ပြောပြခဲ့ပါတယ်။ ဒီလိုအခက်အခဲတွေကြားက အောင်မြင်နေဆဲဖြစ်တဲ့ သူမကတော့ အပြင်ပန်းထက် ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ခြင်းက အရေးအကြီးဆုံးဖြစ်ကြောင်း သက်သေပြနေတဲ့ Idol တစ်ဦးပါ။
IVE အဖွဲ့ဝင်လေး Rei

V Shape မျက်နှာကျရဖို့ ခွဲစိတ်တတ်ကြတဲ့ခေတ်မှာ မျက်နှာဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်းလေးနဲ့လည်း ချစ်စရာကောင်းပြီး လှနေဆဲဆိုတာ IVE ထဲက အဖွဲ့ဝင်လေး Rei က သက်သေပါပဲ။ သူမရဲ့ မျက်နှာဝိုင်းဝိုင်းလေးက အသက်ပိုငယ်သွားသလိုမြင်ရတဲ့အပြင် ကိုယ်နဲ့လိုက်တဲ့ Makeup Look လေးတွေပြင်ပေးလိုက်ရုံနဲ့ အရုပ်ကလေးလို ချစ်စရာကောင်းနေမှာပါ။
Red Velvet အဖွဲ့ဝင် Seulgi

Red Velvet အဖွဲ့ထဲက Seulgi ဟာဆိုရင်လည်း မျက်ရစ်မပေါ်တဲ့ မျက်ဝန်းပုံစံမျိုး ပိုင်ဆိုင်ထားပေမယ့် အထာကျကျ လှနေဆဲသူတစ်ယောက်ပါနော်။ သူမဟာ မျက်ရစ်တွေဖော်ဖို့မကြိုးစားဘဲ အရှိအတိုင်း လိုက်ဖက်အောင် ပြင်ဆင်လိုက်မယ်ဆိုရင် သူများနဲ့မတူဘဲ အထာကျနိုင်ကြောင်း သက်သေပြနေသူပါ။
Photo Source: Pinterest
By MyStyle Myanmar

