လောကရှိ နေရာဒေသအသီးသီးတွင် မဖြစ်မနေ လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ထားလေ့ရှိပါတယ်။ လူအများစုကတော့ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်နာရမည်ဟု သိနားလည်ထားသော်လည်း တခါတလေအချိန်မှာတော့ ဖောက်ဖျက်သင့်သည့်အခါများလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဖက်ရှင်ရေစီးကြောင်းနှင့် အတူတကွလိုက်ပါစီးမျောလိုသူများသည် ယခင်အချိန်များတုန်းက ချမှတ်ခဲ့သည့် စည်းမျဉ်းများကို တသွေမသိမ်းလိုက်နာနေမည်ဆိုလျှင်တော့ အသစ်အသစ်သော ဖက်ရှင်စတိုင်များ၊ ဒီဇိုင်းများ ပေါ်ထွက်လာရန် အင်မတန်ခဲယဉ်းမှာဖြစ်ပါတယ်။

ထို့ကြောင့် ခေတ်နှင့်အညီ လိုက်ဖက်သင့်တော်မှုရှိသည့် ဖက်ရှင်အသွင်အပြင်ကို ရရှိဖို့အရေး ပြောင်းလဲလိုက်သင့်တဲ့ ဖက်ရှင်ဆိုင်ရာ စည်းမျဉ်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

စည်းမျဉ်း (၁) – အိတ်နှင့်ဖိနပ်အရောင်လိုက်ဖက်မှုရှိရမည်။

ဤစည်းမျဉ်းမျိုးမှာ လွန်ခဲ့သောနှစ်ဟောင်းအချိန်များတွင် လက်အိတ်များ၊ ဦးထုပ်များကိုပါ တွဲဖက်ဝတ်ဆင်သည့် ဖက်ရှင်ဒီဇိုင်းတွင်သာ သင့်တော်မှာဖြစ်သော်လည်း ၂၀၁၇ ကဲ့သို့ အရာရာတိုးတက်ပြောင်းလဲနေသောအချိန်တွင် ခေတ်မီသောအသွင်အတွက် အရောင်အသွေးစိုပြေသည့် accessory တစ်မျိုးမျိုးနှင့် တွဲဖက်ဝတ်ဆင်ပေးနိုင်ပါတယ်။

စည်းမျဉ်း (၂) – အနက်ရောင်နှင့် နက်ပြာရောင်ကိုတွဲဖက်မဝတ်ဆင်သင့်ခြင်း။

အဖြူရောင်၊ ကာကီရောင်၊ အညိုရောင်တို့နည်းတူ အနက်ရောင်နှင့်နက်ပြာရောင်တို့သည်လည်း မနုမရင့်အရောင်များဖြစ်သည့်အတွက် တွဲဖက်ဝတ်ဆင်ရန်အတွက် ပြဿနာလုံးဝမရှိနိုင်ပါ။ ထိုကဲ့သို့ ဝတ်ဆင်သည့်အခါမှာလည်း နက်ပြာရောင်အရင့်ထက် အလယ်အလတ်နက်ပြာရောင်ကို ရွေးချယ်ဝတ်ဆင်ခြင်းက ပိုမိုသင့်တော်ပါတယ်။

စည်းမျဉ်း (၃) – တူညီမှုမရှိသည့်အဆင်များကို မရောယှက်ရပါ။

ထိုကဲ့သို့ အဆင်ဒီဇိုင်းအမျိုးမျိုးကို ရောယှက်ဝတ်ဆင်ခြင်းသည် ခေတ်မီတိုးတက်နေသော လက်ရှိဖက်ရှင်လောကမှာတော့ ရေပန်းစားနေသော စတိုင်ပဲဖြစ်ပါတယ်။ ပုံမှန်အရောင်နှင့် မတူညီသည့်အဆင်နှစ်မျိုး သို့မဟုတ် အရောင်တောက်တောက်အဆင်ကို မနုမရင့်အဆင်နှင့်တွဲဖက်ဝတ်ဆင်ပေးနိုင်ပါတယ်။

စည်းမျဉ်း (၄) – ရွှေ၊ ငွေ လက်ဝတ်ရတနာများကို မည်သည့်အခါမှ ရောမဝတ်ပါနှင့်။

အနက်ရောင်နှင့် နက်ပြာရောင်တို့နည်းတူပင် ရွှေရောင်နှင့် ငွေရောင်ကိုလည်း လိုက်ဖက်ညီညီနှင့် တွဲဖက်ဝတ်ဆင်နိုင်တာကို မြင်တွေ့နိုင်ပါတယ်။ အရောင်အချိုးအစားညီမျှစွာ ဝတ်ဆင်နိုင်သလို အခြားသတ္တု accessory တစ်မျိုးမျိုးရောစပ်ခြင်းဖြင့်လည်း ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

စည်းမျဉ်း (၅) – ပြောင်လက်တောက်ပသောအသွင်များသည် ညနေခင်းအတွက်သာသင့်တော်ခြင်း။

တောက်ပသောအသွင်ရှိသည့် accessory တစ်မျိုးမျိုး သို့မဟုတ် အစိတ်အပိုင်းများသည် မိမိ၏ဝတ်စုံကို တမူထူးခြားသည့်အသွင်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် ညနေခင်းပွဲလမ်းဖက်ရှင်အတွက်သာမဟုတ်ဘဲ နေ့ခင်းနေ့လည်အချိန်မှာပါ ဖက်ရှင်ကျကျအသွင်ကို ရယူနိုင်မှာဖြစ်ပါတယ်။