ဓမ္မတာလာချိန်မှာ မလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေရှိသလို လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေလည်း ရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေကျတော့ ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲတာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်ခဲတာ၊ mood swings ဖြစ်တာတွေကို လျော့ကျစေတာပေါ့။ ဒါကြောင့် မိန်းကလေးများ ဓမ္မတာလာချိန်မှာ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေထဲမှာမှ လူတိုင်းလုပ်ရတာ အဆင်ပြေပြီး လွယ်ကူစေမယ့် လေ့ကျင့်ခန်း ၅ ခုကိုပဲ ရွေးချယ်ပေးလိုက်ပါတယ်။

လမ်းလျှောက်ခြင်း

အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး လေ့ကျင့်ခန်းကတော့ လမ်းလျှောက်ပေးတာပါပဲ။ ဓမ္မတာလာချိန်မှာ အိပ်ယာထဲလှဲပြီး ခွေခေါက်နေတာမျိုး မလုပ်ပါနဲ့။ ပိုပြီးထိုင်းမှိုင်းပါတယ်။ ဒါကြောင့် လမ်းလျှောက်ပေးပါ။

ပြေးပါ

ပြင်းပြင်းထန်ထန်ပြေးတာမျိုးမဟုတ်ပဲ ပုံမှန်လေးပြေးတဲ့ လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲတာတွေ လျော့ကျစေပါတယ်။ နေရတာလည်း ပေါ့ပါးစေပါတယ်။ ရေများများသောက်ပြီး ရေဓာတ်ဖြည့်ပေးဖို့လည်း မမေ့ပါနဲ့။

ယောဂကျင့်ပါ

ဓမ္မတာလာချိန်မှာ ယောဂကျင့်ပေးတာ အရမ်းကောင်းပါတယ်။ ပြင်းထန်တဲ့ ယောဂကျင့်စဉ်တွေမလုပ်ပဲ လွယ်ကူတာလေးတွေ လုပ်ပေးပါ။ အသက်ရှူယောဂကျင့်စဉ်တွေ၊ cobra pose ကျင့်စဉ်၊ cat to cow pose ကျင့်စဉ်၊ fish pose ကျင့်စဉ်တွေကို လုပ်ပေးရင် ပိုကောင်းပါတယ်။ နာကျင်ကိုက်ခဲတာတွေ သက်သာပြီး ကိုယ်ရောစိတ်ပါ သွက်လက်ပေါ့ပါးစေပါတယ်။

အကြောဆန့်ခြင်း

ရိုးရှင်းတဲ့ အကြောဆန့် လေ့ကျင့်ခန်းတွေကိုလုပ်ပေးတာက ဓမ္မတာလာချိန်မှာ ဖြစ်လေ့ရှိတဲ့ ကိုယ်လက်နာတာ၊ ကြွက်သား နာကျင်ကိုက်ခဲတာတွေ သက်သာစေပါတယ်။ အကြောဆန့်လေ့ကျင့်ခန်း လုပ်ရင်းနဲ့ အသက်ရှူလေ့ကျင့်ခန်းပါ တွဲလုပ်ပေးပါ။

ကခုန်ခြင်း

ဓမ္မတာလာချိန်မှာ mood swings ဖြစ်ပြီး စိတ်မကြည်တာ၊ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းတာတွေ ဖြစ်တာကြောင့် active ဖြစ်ပြီး စိတ်ပျော်ရွှင်လာအောင် ကခုန်တာလေးတွေ လုပ်ပေးပါ။ Zumba class တွေတက်ပြီး ကပေးတာလည်း အရမ်းကောင်းပါတယ်။