အဆစ်အမြစ်ကိုက်တာက လူကြီးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူငယ်တွေလည်း ဖြစ်တတ်ပါတယ်။ ဒီလို အဆစ်အမြစ်ကိုက်တတ်ရင် ဆေးသောက်တာမျိုးချည်းပဲ မလုပ်ပဲနဲ့ လေ့ကျင့်ခန်းလည်း လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာကလည်း သက်သာစေပါတယ်။ ဒါကြောင့် အဆစ်အမြစ်ကိုက်လေ့ရှိတဲ့သူတွေ ပုံမှန်လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။ အကုန်လုပ်စရာမလိုပါဘူး ကိုယ်အဆင်ပြေတဲ့ ၂ မျိုး၊ ၃ မျိုးလောက်ကိုပဲ နေ့စဉ်ပုံမှန် လုပ်ပေးသွားရင် ရပါတယ်။

ယောဂ

ယောဂ Class တက်ပြီး ယောဂကျင့်ကြည့်ပါ။ အဆစ်အမြစ်ကိုက်တာတွေ သက်သာစေတဲ့အပြင် စိတ်ရောကိုယ်ပါ ပေါ့ပါးမှုရှိစေပါတယ်။ စိတ်လည်းကြည်စေပါတယ်။

လမ်းလျှောက်ခြင်း

လမ်းလျှောက်တဲ့လေ့ကျင့်ခန်းကလည်း ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ ဒါ့အပြင် အဆစ်အမြစ်ကိုက်တာ၊ ရောင်ရမ်းတာတွေလည်း သက်သာစေတယ်၊ ကိုယ်အလေးချိန် လျော့ကျစေတယ်၊ သက်လုံပိုကောင်းလာစေပါတယ်။ တစ်နေ့ကို မိနစ် ၃၀ မှ မိနစ် ၆၀ အထိ ပုံမှန် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။

ရေကူးခြင်း

ရေကူးတတ်တဲ့သူဆိုရင် တစ်ပတ်တစ်ခါလောက် ရေကူးတာမျိုး လုပ်ပေးပါ။ ရေကူးတာက အရိုးအဆစ်နဲ့ ကြွက်သားအတွက် အရမ်းကောင်းတဲ့အရာပါ။ အဆစ်အမြစ်ကိုက်တာ သက်သာစေတဲ့အပြင် ကိုယ်ရည်စစ်ပြီး ဝိတ်ကျစေတယ်၊ စိတ်ရောကိုယ်ပါ Relax ဖြစ်ပြီး စိတ်ဖိစီးမှုလည်း လျော့ကျစေပါတယ်။

စက်ဘီးစီးခြင်း

စက်ဘီးစီးပေးတာက လှုပ်ရှားသွားလာမှုကို လှုံ့ဆော်ပေးတဲ့အတွက် နာကျင်မှုတွေကို လျော့ကျစေပါတယ်။ အဆစ်အမြစ်ကိုက်တယ်၊ ဒူးဆစ်မကောင်းဘူး၊ ဒူးနာတတ်တယ်ဆိုရင် စက်ဘီးစီးလေ့ကျင့်ခန်း လုပ်ပေးပါ။ သက်သာစေပါတယ်။ အပြင်မှာမစီးနိုင်တဲ့သူဆိုရင် အိမ်မှာစက်နဲ့လုပ်လို့ရပါတယ်။ တစ်နေ့ကို မိနစ် ၃၀ စီးပေးရင် ရပါပြီ။

Elliptical Machine

Elliptical Machine နဲ့ လေ့ကျင့်ခန်းလုပ်ပေးခြင်းကလည်း အဆစ်အမြစ်ကိုက်ခဲတာ၊ ဒူးနာတာ၊ ခြေချင်းဝတ်နာကျင်တာတွေကို သက်သာစေပါတယ်။ တစ်နေ့ကို မိနစ် ၂၀၊ မိနစ် ၃၀ လောက် ပုံမှန်လုပ်ပေးရုံပါပဲ။