အားလုံးပဲ မင်္ဂလာပါနော်။ မနက်ပိုင်းမှာ နှိုးစက်ပေးထားပေမယ့် တော်ရုံနဲ့မထနိုင်တာမျိုး ကြုံနေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးမှာ ဖော်ပြပေးမယ့်အရာတွေကို အကျင့်လုပ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ မနက်ပိုင်းစောစောထတာက တစ်နေ့တာအတွက် ပြင်ဆင်စရာ၊ လေ့လာစရာတွေ ပြီးမြောက်အောင်လုပ်နိုင်ဖို့ အချိန်ပိုရသလို ကျန်းမာရေးကောင်းကျိုးတွေလည်းရစေတဲ့ အကျင့်တစ်ခုပါ။
ဒါကြောင့်မို့ မနက်ပိုင်းမှာ နှိုးစက်မလိုဘဲနဲ့တောင် စောစောနိုးပြီး လန်းလန်းဆန်းဆန်းဖြစ်ဖို့ နေ့စဉ်အကျင့်လုပ်ထားသင့်တဲ့ အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။
၁။ ညပိုင်းမှာ စက်ပစ္စည်းတွေနဲ့ ထိတွေ့တဲ့အချိန်ကို ကန့်သတ်ထားပါ
ဖုန်း၊ ကွန်ပျူတာစတဲ့ စက်ပစ္စည်းတွေသုံးပြီး တော်ရုံနဲ့မအိပ်နိုင်တဲ့အခါ မနက်ပိုင်းထဖို့ ပိုခက်ပါတယ်။ ဒါကြောင့်မို့ ဒီလိုစက်ပစ္စည်းတွေသုံးတာကို ရပ်ရမယ့် အချိန်တစ်ခုကန့်သတ်ထားတာမျိုး ပြုလုပ်ပေးပါ။ ဒီလိုအချိန်သတ်မှတ်ပြီး အကျင့်လုပ်ပေးတာက အချိန်တိုအတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး နောက်နေ့မနက် စောစောနိုးဖို့ ထောက်ပံ့ပေးမှာပါ။
၂။ ညစာကို ဗိုက်အရမ်းတင်းအောင် စားတာမျိုးကိုရှောင်ပါ
ညဘက်မှာ ဗိုက်အရမ်းတင်းအောင်စားတာ၊ အချိုနဲ့အဆီအစိမ့်တွေစားတာက အစာချေဖို့ခက်ပြီး အိပ်မရတာမျိုး ဖြစ်တတ်ပါတယ်။ ညနေစာကို အိပ်ချိန်နဲ့လည်းမကပ်အောင် ည ၇ နာရီထက်နောက်မကျဘဲ စားပေးပါ။ အစာချေလွယ်တဲ့အစားအသောက်တွေစားပေးတာက ကောင်းကောင်းအိပ်ပျော်စေတာမို့ မနက်ထနိုင်ဖို့ အလားအလာလည်း များပါတယ်။
၃။ တိကျတဲ့ မနက်ပိုင်း Routine တစ်ခုသတ်မှတ်ထားပါ
စာဖတ်သူတို့အားလုံး ပိတ်ရက်တွေဆို နောက်ကျမှ ထတာမျိုးလုပ်ဖူးကြမှာပါ။ ဒီလိုမနက်ပိုင်းမှာ အရေးကြီးတဲ့ လုပ်စရာမရှိဘူးဆိုတဲ့စိတ်က သင့်ကိုစောစောထဖို့ Motivation နည်းသွားစေပါတယ်။ ဒါကြောင့်မို့ မနက်ကောင်းကောင်းထနိုင်ဖို့ ထတာနဲ့ လုပ်ရမယ့်အရာတွေ၊ ဘာကြောင့်ထသင့်သလဲဆိုတဲ့ အကြောင်းအရင်းတွေကို တိတိကျကျသတ်မှတ်ထားပေးဖို့ လိုပါတယ်။ ဒီလို ကိုယ်လုပ်ရမယ့် Routine တစ်ခုသတ်မှတ်ပြီး အကျင့်လုပ်ပေးမှ စောစောထတဲ့ အကျင့်လည်းပါသွားမှာပါ။
၄။ အိပ်ချိန်ကောင်းကောင်းပေးပါ
မနက်ထနိုင်ဖို့အတွက် အိပ်ချိန်ကအရေးအကြီးဆုံးပါပဲ။ အိပ်ရေးဝနေမှ အိပ်ရာက ထဖို့လည်းလွယ်ပြီး လန်းလန်းဆန်းဆန်းဖြစ်နေမှာပါ။ တစ်နေ့ ၆ နာရီက ၇ နာရီကြား အိပ်ချိန်ထားပေးဖို့ မမေ့သင့်ပါဘူး။
၅။ အိပ်ခန်းပြတင်းပေါက်က ခန်းစီးတွေဖွင့်ပြီးအိပ်ပါ
အိပ်တဲ့အခါ ကိုယ့်အိပ်ခန်းက ပြတင်းပေါက်ခန်းစီးတွေကို အနည်းငယ် ဟ ထားပြီး အိပ်တဲ့အကျင့်လုပ်ပေးပါ။ ဒါက မနက်နေထွက်တဲ့အချိန် နေရောင်ခြည်နဲ့ ထိတွေ့မိစေတာကြောင့် နှိုးစက်မလိုဘဲ ထနိုင်ဖို့ ကူညီပေးရာရောက်ပါတယ်။ နေသာတဲ့နေ့တွေဆိုရင် ပိုအဆင်ပြေပါတယ်။ အပူဒဏ်ကတစ်ဆင့် အိပ်မရတော့တာမျိုး ဖြစ်ပြီး လွယ်လွယ်နဲ့နိုးလာပါလိမ့်မယ်။
Photo Source: Pinterest
By MyStyle Myanmar