ပျိုမေတို့ရေ။ ခြောက်သွေ့တဲ့ရာသီကြောင့်ပဲဖြစ်ဖြစ် Chemical များတဲ့ လက်သည်းဆိုးဆေးတွေကြောင့်ပဲဖြစ်ဖြစ် တဖြည်းဖြည်းဝါလာတဲ့ လက်သည်းတွေအတွက် ထိရောက်တဲ့သန့်စင်နည်းတွေကို သိထားပြီလား။ သိချင်ကြတဲ့ပျိုမေတို့အတွက် ဝါညစ်နေတဲ့လက်သည်းတွေကို ပန်းရောင်သမ်းကာ ကြည်ကြည်လေးဖြစ်စေမယ့် ထိန်းသိမ်းနည်းအချို့ကို ဖော်ပြပေးချင်ပါတယ်။ ကိုယ့်အိမ်မှာပဲလုပ်လို့ရတဲ့နည်းတွေဖြစ်လို့ အကုန်အကျနည်းနည်းနဲ့ ကိုယ်တိုင်လုပ်ချင်သူတွေအတွက် အသုံးတည့်မှာပါ။

Glycerine အလှဆီ၊ Vitamin E ဆီတို့နဲ့ နှိပ်နယ်ပါ

Photo Source: Inlife Healthcare

လက်သည်းကိုနှိပ်ပေးတဲ့နည်းက လက်သည်းဝါတာဖယ်ရှားဖို့အတွက် အရမ်းထိရောက်ပါတယ်။ Glycerine အလှဆီ နဲ့ Vitamin E ဆီကိုရောပြီး လက်သည်းတစ်ဝိုက် စက်ဝိုင်းပုံပွတ်လိမ်းကာ နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက်လိမ်းထားပြီးမှ ရေနွေးလေးနဲ့ဆေးချနိုင်ပါတယ်။ Glycerine က လက်သည်းခြောက်တာ သက်သာစေသလို Vitamin E ကလည်း ဆဲလ်သေတွေဖယ်ရှားကာ အစိုဓာတ်ဖြည့်ပေးပြီး လက်သည်းအရောင်ကြည်လာစေမှာပါ။

မုန့်ဖုတ်ဆိုဒါ (သို့) သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးပါ


Whitening ပါတဲ့သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါသုံးပြီးတော့လည်း လက်သည်းဝါတာသက်သာအောင် လုပ်လို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါမှုန့် (သို့) သွားတိုက်ဆေးကို လက်သည်းပေါ်တင်ပြီး ချေးတိုက်သလို ပွတ်ပေးပါ။ တိုက်ပြီး ၁၀ မိနစ်လောက်ထားကာ ရေဆေးချနိုင်ပါတယ်။ ရေဆေးပြီးနောက် Hand Cream တစ်မျိုး လိမ်းပေးရင်ပိုကောင်းပါတယ်။

Coffee Scrub နဲ့ ဆဲလ်သေတွေဖယ်ရှားပါ


Coffee နဲ့လုပ်တဲ့ Scrub တွေနဲ့ လက်သည်းကိုတိုက်ပေးတာကလည်း လက်သည်းမှာရှိတဲ့ ဆဲလ်သေနဲ့ အဆိပ်အတောက်တွေပြယ်စေတာမို့ အရောင်ဝါညစ်တာသက်သာပြီး လက်သည်းခွံစိုစိုကြည်ကြည်လေး ဖြစ်စေပါတယ်။ လက်သည်းဘေးက အသားမာတွေမဖြစ်အောင်ပါကာကွယ်ပေးတာမို့ Scrub တိုက်ပြီး ရေနွေးနွေးနဲ့ဆေးချကာ ရေခြောက်သွားပြီးနောက် Essential Oil (သို့) Hand Cream တစ်မျိုး လိမ်းထားလိုက်ပါ။

သံပယိုရည်နဲ့စိမ်ပါ


သံပယိုရည်ကို ခွက်ထဲထည့်ပြီး လက်သည်းတွေမြုပ်ရုံစိမ်ထားလိုက်ပါ။ ၁၀ မိနစ်လောက်စိမ်ပြီး လက်သည်းကိုပြန်ဆေးကာ ဆီတစ်မျိုးလိမ်းထားပေးရပါမယ်။ သံပယိုရည်က ကျိုးပဲ့လွယ်တဲ့လက်သည်းခွံကို သန်မာစေတဲ့အပြင် ချေးချွတ်အာနိသင်ပါလို့ ဝါညစ်နေတာတွေ သန့်စင်စေမှာပါ။

လက်သည်းနီဆိုးတာလျှော့ပြီး လက်သည်းပုံမှန်ညှိပေးပါ


လက်သည်းဝါတာပျောက်ဖို့ ထိန်းသိမ်းနည်းတွေအပြင် လက်သည်းနီဆိုးတဲ့အကြိမ်ရေကိုလည်း လျှော့ချဖို့လိုပါတယ်နော်။ လက်သည်းဆိုးဆေးတွေကို ဖျက်ဆေးနဲ့ ပြောင်အောင်ဖျက်ပြီး ထပ်မဆိုးဘဲ လက်သည်းကိုအနားပေးပါ။ လက်သည်းလေးတွေညီနေအောင် တံစဉ်းနဲ့ညှိပြီး ပုံမှန်သန့်ရှင်းပေးဖို့လည်း မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar