မင်္ဂလာပါ ပျိုမေတို့ရေ။ တစ်နေကုန် ခါးကုန်း၊ အထိုင်များပြီး ဗိုက်ခေါက်ရှေ့ထွက်လာလို့ အဝတ်အစားတွေ ကျပ်ကာ နေရထိုင်ရ သက်တောင့်သက်သာမရှိတော့သလို ခံစားနေရတဲ့သူတွေရှိလား။ ဗိုက်မှာစုတတ်တဲ့ အဆီက ပုံမှန်ထက် ချရခက်တာမို့ ရေရှည်ကျချင်ရင် အစားလျှော့တာအပြင် လေ့ကျင့်ခန်းကိုပါ တွဲလုပ်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် သင်က လေ့ကျင့်ခန်းလုပ်တဲ့အကျင့်မရှိဘူးဆိုရင် ပြင်းထန်တဲ့ ဗိုက်လေ့ကျင့်ခန်းတွေ လုပ်ဖို့ အခက်တွေ့နိုင်မှာပါ။ ဒီလိုမဖြစ်ရအောင် ဗိုက်အဆီကျပြီး ကျစ်လျစ်ဖို့အတွက် အိမ်မှာပဲလုပ်နိုင်တဲ့ ယောဂနည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Plank Pose

Plank ထောက်ပေးတာက ဗိုက်အဆီအတွက် အထိရောက်ဆုံးလေ့ကျင့်ခန်းလို့ ပြောလို့ရပါတယ်။ ဒီ Pose အတွက် ခန္ဓာကိုယ်တစ်ဖြောင့်တည်းဖြစ်အောင် ထောက်ထားပြီး အသက်ကို မှန်မှန် ရှုသွင်းရှုထုတ်ကာ ဗိုက်ကြွက်သားတွေကို အာရုံစိုက်ထားပါ။ ကိုယ်လုပ်နိုင်သလောက် စက္ကန့်ပိုင်းမှ မိနစ်ပိုင်းအထိ ထောက်နိုင်ပါတယ်။
Camel Pose

ဒီ Pose ကိုတော့ ပုံထဲကလို ဒူးထောက်ကာ ခန္ဓာကိုယ်နောက်ပိုင်းကို လှန်ပြီး ခြေဖဝါးပေါ်လက်နဲ့ လှမ်းထိထားတဲ့ပုံစံ လုပ်ပေးရမှာပါ။ ဒူးထောက်တဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းကို ၉၀ ဒီဂရီပုံစံထားကာ ရင်ဘတ်ကိုပါ ကော့ထားဖို့ လိုပါတယ်။ ဗိုက်ကြွက်သားတွေတင်းကာ ကျစ်လျစ်လာဖို့ ကူညီပေးမှာပါ။
Standing Forward Bend

ခန္ဓာကိုယ်ရှေ့ကို ရသလောက်ကုန်းကာ လက်နဲ့ ခြေထောက်နှစ်ဖက်ကို ကိုင်ပြီး ထိန်းထားရတဲ့ Pose ဖြစ်ပါတယ်။ ကုန်းတဲ့အခါ ဒူးမကွေးစေဘဲ ခါးနဲ့ဗိုက်ကြွက်သားကို အာရုံစိုက်ပြီး တောင့်ထားပါ။ အကြောလျှော့ပြီးသားလည်းဖြစ်တာမို့ ဒီ Pose ကို စက္ကန့် ၃၀ လောက်ပုံမှန်လုပ်ပေးသင့်ပါတယ်။
Boat Pose

Boat Pose လို့ ခေါ်တဲ့ လှေပုံစံ Pose ကလည်း ဗိုက်ကြောတွေကို အားပြုပြီးလုပ်ပေးရတာမို့ ပုံမှန်လုပ်ပေးမယ်ဆိုရင် အဆီလောင်ကျွမ်းကာ ဗိုက်ချပ်လာစေမှာပါ။ ပုံမှာပြထားသလို ခြေထောက်နှစ်ဖက်စုကာ လေပေါ်မြှောက်ပြီး လက်တွေကိုပါ ဆန့်ထုတ်ထားရမှာဖြစ်ပါတယ်။ ခြေထောက်ကို ခပ်မြင့်မြင့်မြှောက်ကာ စက္ကန့် ၃၀လောက် ထိန်းထားပြီး ပုံမှန်လုပ်ပေးသင့်ပါတယ်။
Bridge Pose

Bridge Pose လို့ခေါ်တဲ့ ဒီယောဂနည်းကလည်း လုပ်ရလွယ်သလို ဗိုက်ချပ်ဖို့အတွက် ထိရောက်တဲ့ Pose တစ်မျိုးပါ။ လုပ်ရမယ့်ပုံစံက ကြမ်းပြင်မှာလှဲအပ်ကာ ဒူးထောက်ပြီး ခန္ဓာကိုယ်အောက်ပိုင်းကနေ အပေါ်ပိုင်းရင်ဘတ်အထိ ပင့်ထားရမှာပါ။ လက်တွေကိုတော့ ကြမ်းပြင်မှာကပ်ထားပြီး ဗိုက်ကြွက်သား အားပြုကာ ခန္ဓာကိုယ်ကို အပေါ်မြှင့်တင်လိုက် အောက်ပြန်ချလိုက်လုပ်ပေးရပါမယ်။ သူ့ကိုလည်း အတင်အချ စက္ကန့် ၃၀ အနည်းဆုံးပြုလုပ်ပေးပါ။
Photo Source: Pinterest
By MyStyle Myanmar