ကိုယ့်ရဲ့မျက်ခုံးမွှေးပေါ်မူတည်ပြီး မျက်နှာပေါက်ပုံစံ အမျိုးမျိုးပြောင်းနိုင်တာမို့ တော်တော်များများက မျက်ခုံးကိုအသားပေးပြီး ထင်းနေအောင် ဆွဲတတ်ကြပါတယ်နော်။ ဒါပေမယ့် သင်ကနဂို မျက်ခုံးပါးလို့ စိတ်တိုင်းမကျဘူးဆိုရင် ဒီဆောင်းပါးမှာပါတဲ့ သဘာဝနည်းတွေက သင့်အတွက် အသုံးဝင်မှာပါ။ ဒီတစ်ခေါက်မှာ မျက်ခုံးမွှေးပါးတဲ့သူတွေ သဘာဝအတိုင်း ထူလာဖို့ ကိုယ်တိုင်အိမ်မှာလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်ဆူဆီ


ကြက်ဆူဆီမှာ အမွှေးအမျှင်သန်စေတဲ့ Fatty Acid ဓာတ်နဲ့ ဗီတာမင်ဓာတ်တွေပါဝင်တာမို့ မျက်ခုံးမွှေးအတွက်ရော၊ ဆံပင်သန်ဖို့အတွက်ပါ သုံးနိုင်ပါတယ်နော်။ မျက်ခုံးအတွက်သုံးမယ်ဆိုရင်တော့ ကြက်ဆူဆီအနည်းငယ်ကို မျက်တောင်ကော့တံ (သို့) ဂွမ်းတံတစ်ခုမှာ စွတ်ပြီး မျက်ခုံးပေါက်တဲ့ လမ်းကြောင်းအတိုင်း ဖြေးဖြေးချင်းဖြီးပြီးလိမ်းပေးပါ။ လိမ်းပြီး တစ်ညထားကာ မနက်ပိုင်းမှ မျက်နှာပြန်သစ်လိုက်ရုံပါပဲ။

အုန်းဆီ


အုန်းဆီရဲ့ အစိုဓာတ်ဖြည့်ပေးတဲ့အာနိသင်က မျက်ခုံးမွှေးညှင်းပေါက်ထဲကို အစိုဓာတ်စိမ့်ဝင်ပြီး ရှည်ထွက်လာဖို့ ထောက်ပံ့ပေးမှာပါ။ လက်ချောင်းထိပ်မှာ အုန်းဆီအနည်းငယ်ပွတ်ပြီး မျက်ခုံးမွှေးပေါ်လိမ်းပေးပါ။ နာရီအနည်းငယ်လောက်လိမ်းထားပြီး ရေခပ်နွေးနွေးနဲ့ ပြန်ဆေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်


ရှားစောင်းက အသားအေးပြီး အစိုဓာတ်အပြည့်ပေးနိုင်တဲ့ သဘာဝပစ္စည်းအဖြစ် လူသိများပါတယ်။ မျက်ခုံးပေါ်မှာ ရှားစောင်း Gel လေးလိမ်းပေးတာက အစိုဓာတ်ဝင်ပြီး အမွှေးထွက်သန်လာဖို့ ကူညီပေးမှာပါ။ အရောအနှောမရှိတဲ့ ရှားစောင်း Gel အနည်းငယ်ကို မျက်ခုံးမှာ မိနစ် ၃၀ လောက်လိမ်းပြီး ရေနွေးနွေးနဲ့ ပြန်ဆေးကြောလိုက်ပါ။

ကြက်ဥအနှစ်


ကြက်ဥအနှစ်မှာ မျက်ခုံးမွှေးသန်ဖို့ အားဖြည့်ပေးမယ့် ပရိုတင်းနဲ့ Biotin အာဟာရဓာတ်တွေပါဝင်ပါတယ်။ သူ့ကိုလည်း ကြက်ဆူဆီနည်းလို မျက်တောင်ကော့တံ (သို့) ဂွမ်းတံတစ်ခုသုံးပြီး ကြက်ဥအနှစ်နဲ့ စွတ်ကာ မျက်ခုံးအနှံ့လိမ်းပေးရမှာပါ။ မိနစ် ၂၀ လောက်လိမ်းထားရုံနဲ့ လုံလောက်တာမို့ အချိန်ပြည့်တဲ့အခါ ရေအေးနဲ့ ဆေးကြောပေးလိုက်ပါ။

မျက်ရိုးတစ်လျှောက် နှိပ်နယ်ပေးခြင်း


ပါဝင်ပစ္စည်းတွေမလိုတဲ့ အလွယ်ဆုံးနည်းဖြစ်ပါတယ်။ မျက်ရိုးတစ်လျှောက် နှိပ်နယ်ပေးတာက မျက်ခုံးအောက် မွှေးညှင်းပေါက်တွေဆီ သွေးစီးဆင်းလည်ပတ်မှု ကောင်းစေတာမို့ မျက်ခုံးမျှင်တွေ ရှည်ထွက်လာဖို့ ကူညီပေးမှာပါ။ နှိပ်ဖို့အတွက် လက်သေချာဆေးပြီး လက်ချောင်းထိပ်တွေသုံးကာ စက်ဝိုင်းပုံလှည့်နှိပ်ပေးပါ။ နေ့စဉ် မိနစ်အနည်းငယ်လောက် ပုံမှန်လုပ်ပေးနိုင်ရင် ပိုထိရောက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar