စိတ်ဖိစီးမှုများတဲ့အခါ၊ အိပ်ရေးပျက်တဲ့အခါ၊ ကျန်းမာရေးမကောင်းတဲ့အခါ မျက်နှာကလန်းလန်းဆန်းဆန်မဖြစ်ဘဲ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံပေါက် နေသလို မျက်နှာအသားအရေကလည်း ပျက်စီးသွားပါတယ်။ အသားအရေကို ပြန်လည်လန်းဆန်းနုပျိုစေဖို့အတွက် ထိရောက်မှုရှိတဲ့ မျက်နှာပေါင်းတင်နည်းလေးတွေတော့ ရှိတာပေါ့။ အခုဖော်ပြပေးသွားမယ့် နည်းလမ်းတွေက ပျိုမေလေးတွေအတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။

အာလူး၊ သံပုရိုသီးနဲ့ ပေါင်းတင်မယ်

အာလူးတစ်လုံး၊ သံပုရိုသီးတစ်ခြမ်းတို့ လိုအပ်ပါတယ်။ အာလူးကို သစ်သီးဖျော်စက်ထဲထည့်ပြီး ကြိတ်ချေလိုက်ပါ။ ပြီးရင် သံပုရိုရည်နဲ့ အာလူး ရောလိုက်ပြီး သမအောင် ရောမွှေလိုက်ပြီး မျက်နှာပေါ် စက်ဝိုင်းပုံသဏ္ဍာန်သုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ရေနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီမျက်နှာပေါင်းတင်နည်းက သင့်မျက်နှာပေါ်က အစက်အပျောက်တွေ နီမြန်းနေတာတွေ နေလောင်ဒဏ်တွေကို ကုသပေးနိုင်ပါတယ်။ သုံးရက်မြောက်နေ့မှာ အကျိုးရလဒ်ထူးကို ခံစားရမှာပါ။

သံပုရိုရည်မျက်နှာပေါင်းတင်ဆေး

ကြက်ဥအကာတစ်လုံး၊ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ နွားနို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သံပုရိုရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ လိုအပ် ပါတယ်။ ပါဝင်ပစ္စည်းများကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။ ပိုပျစ်တဲ့အနှစ်ရဖို့အတွက် အုတ်ဂျုံအနည်းငယ် ထပ်ထည့် ပေးပါ။ ပြီးရင် မျက်နှာပေါ် အသာအယာသုတ်လိမ်းပေးပြီး ၁၅ မိနစ်ကြာမှ မျက်နှာသစ်လိုက်ပါ။ ဒီမျက်နှာပေါင်းတင်နည်းကတော့ မွဲခြောက်ခြောက် ဖြစ်နေတဲ့အသားအရေကို ဝင်းလက်တောက်ပလာအောင် ကူညီပေးပါတယ်။

သခွားသီးနဲ့ မျက်နှာပေါင်းတင်ကြရအောင်

သခွားသီးတစ်လုံးနဲ့ ကြက်ဥအကာတစ်လုံးတို့ပဲ လိုအပ်ပါတယ်။ ကြက်ဥအကာကို မွှေခလောက်လိုက်ပါ။ သခွားသီးကို ခြစ်ခုံနဲ့ ခြစ်ချလိုက်ပါ။ သခွားသီးအဖတ်များ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် ရလာပါလိမ့်မယ်။ သခွားသီးအဖတ်နဲ့ ကြက်ဥအကာကို ကောင်းစွာ ရောမွှေလိုက်ပါ။ အဲ့ဒီနောက်မှာတော့ မျက်နှာပေါ်သုတ်လိမ်းပေးလို့ရပါပြီ။ ၁၅ မိနစ်ကြာမှ မျက်နှာသစ်လိုက်ပါ။

နနွင်းမှုန့် မျက်နှာပေါင်းတင်ဆေး

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်၊ ထောပတ်သီးအနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်နဲ့ ဒိန်ချဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်တို့ လိုအပ်ပါတယ်။ ပထမဦးဆုံး ထောပတ်သီးကို သစ်သီးဖျော်စက်ထဲထည့်ပြီး အနှစ်ရအောင်ပြုလုပ်ပါ (ခရင်းနဲ့ပြုလုပ်လည်း ရပါတယ်)၊ ရလာတဲ့ ထောပတ်သီးအနှစ်ကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး နနွင်းမှုန့်၊ ဒိန်ချဉ်တို့ ထပ်ပေါင်းထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ် သုတ်လိမ်းလိုက်ပြီး ၅ မိနစ်ခန့်ကြာမှ မျက်နှာသစ်လိုက်ပါ။ ဒီပေါင်းတင်နည်းကတော့ နေလောင်ဒဏ်ကြောင့် မျက်နှာနီမြန်းရောင်ရမ်းခြင်းကို သက်သာစေပြီး အသားအရေကို ပြန်လည်ပြုပြင်ပေးပါတယ်။

ခရမ်းချဉ်သီးနဲ့ မျက်နှာကြေးချွတ်ကြရအောင်

ခရမ်းချဉ်သီးကို အဝိုင်းလိုက်လှီးလိုက်ပြီး ခရမ်းချဉ်သီးပေါ် သကြားဖြူလိုက်ပါ။ ပြီးရင် မျက်နှာပေါ်ညင်ညင်သာသာပွတ်တိုက်ပေးလိုက်ပါ။ ဒီလိုပွတ်တိုက်ပေးခြင်းဖြင့် ဆဲလ်သေများကို ဖယ်ရှားပေးပြီး ကြည်လင်သန့်စင်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီနော်…

Source: Brightside.me