မျက်နှာပြင်ရဲ့ နဖူး၊ နှာခေါင်း နဲ့ မေးစေ့ T Zone နေရာတွေ အဆီပြန်လွယ်ပြီး အခြားနေရာတွေမှာ ပုံမှန်အသားအရေ ဒါမှမဟုတ် Dry အသားအရေရှိတတ်တဲ့သူတွေကို Combination Skin သမားတွေလို့ သတ်မှတ်လေ့ရှိကြပါတယ်။ ဒီလို အသားအရေမညီတဲ့ Combination Skin ရှိသူတွေဟာ အထူးသဖြင့် ပူအိုက်တဲ့ရာသီတွေမှာ မျက်နှာအဆီမပြန်ဖို့လည်း ဂရုစိုက်ဖို့လိုသလို အသားမခြောက်စေဖို့လည်း ထိန်းသိမ်းပေးရပါတယ်။ Combination Skin ကိုထိန်းသိမ်းတဲ့အခါ ဈေးကြီးတဲ့ အလှအပပစ္စည်းတွေ သုံးတာထက် ဈေးသက်သာတဲ့ သဘာဝနည်းတွေနဲ့လည်း ပေါင်းတင်ပြီး Skincare လုပ်လို့ရပါတယ်။

ဒါကြောင့် ဒီတစ်ခေါက် နွေရာသီမှာ Combination အသားအရေရှိသူတွေ ကိုယ်တိုင်လုပ်ပြီးထိန်းသိမ်းနိုင်မယ့် သဘာဝပေါင်းတင် Mask ပြုလုပ်နည်းအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ ပျားရည်၊ ဒိန်ချဉ်နဲ့ နှင်းဆီရည်

ပျားရည်နဲ့ဒိန်ချဉ်က အသားအရေအစိုဓာတ်ဖြည့်ပေးပြီး နှင်းဆီရည်မှာတော့ အဆီပြန်ခြင်းကိုထိန်းချုပ်ပေးပြီး အသားအရေကို Fresh ဖြစ်စေတဲ့အာနိသင်တွေပါဝင်ပါတယ်။ ဒါကြောင့် ဒီပါဝင်ပစ္စည်းသုံးမျိုးကို ဆတူရောပြီးနောက် မျက်နှာမှာ ၁၅ မိနစ်ကနေ မိနစ် ၂၀ခန့် လိမ်းပြီးပေါင်းတင်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

၂။ Oat ဂျုံကြမ်းနဲ့ ဗာဒံစေ့

ဂျုံကြမ်းက မျက်နှာပေါ်က ဆဲလ်သေနဲ့ အဆီတွေရှင်းပေးနိုင်သလို ဗာဒံစေ့အမှုန့်နဲ့ပေါင်းတင်ပေးတာကလည်း အသားခြောက်ခြင်း သက်သာစေပါတယ်။ ဗာဒံစေ့ ၁၀ စေ့ခန့်ကို မအိပ်ခင်ရေနဲ့စိမ်ထားပြီး မနက်ရောက်တဲ့အခါ အနှစ်ရတဲ့အထိ ကြိတ်ပေးလိုက်ပါ။ ပြီးနောက် ဂျုံကြမ်းတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းတို့နဲ့ရောပြီး DIY Mask အဖြစ် မျက်နှာမှာ ၁၅ မိနစ်ခန့်လိမ်းပြီး ပေါင်းတင်ပေးထားနိုင်ပါတယ်။ ပြီးနောက်မှ ရိုးရိုးရေနဲ့ပြန်ဆေးချလိုက်ပါ။

၃။ သင်္ဘောသီးနဲ့ ဌက်ပျောသီး

သင်္ဘောသီးနဲ့ဌက်ပျောသီးအနည်းငယ်ကို ရောကြိတ်ပြီး ပျားရည်နည်းနည်းထည့်ကာ ပေါင်းတင်အနှစ်ရလာတဲ့အထိ သမအောင်မွှေပေးပါ။ ရလာတဲ့အရောကို သင့်မျက်နှာမှာခြောက်သွားတဲ့အထိ လိမ်းထားတာမျိုးပြုလုပ်ပေးနိုင်ပါတယ်။ ဒီနည်းက သင့်မျက်နှာကို ပုံမှန်ထက် Glow စေပြီး နူးညံ့လာဖို့ကူညီပေးပါလိမ့်မယ်။

၄။ သခွားသီးနဲ့ ပျားရည်

နွေရာသီမှာ သခွားသီးနဲ့ပေါင်းတင်တာက အသားအေးပြီး စိုပြေလန်းဆန်းစေဖို့ အဓိကထောက်ပံ့ပေးနိုင်ပါတယ်။ ကြိတ်ချေထားတဲ့ သခွားသီးတစ်ခြမ်းလောက်ကို ပျားရည် ၁ ဇွန်းနဲ့ရောပြီး မျက်နှာမှာလိမ်းကာပေါင်းတင်ပေးပါ။ ပေါင်းတင်နေတုန်း ကျန်တဲ့သခွားသီးအပိုင်းတွေကို မျက်လုံးမှာတင်ထားပေးနိုင်ပါတယ်။ ပြီးရင်တော့ ၁၅ မိနစ်ခန့်အကြာမှာ ရေနဲ့ပြန်လည်ဆေးပေးလိုက်ရုံပါပဲ။

၅။ စန္ဒကူးနံ့သာမှုန့်၊ နှင်းဆီရည်နဲ့ သံပယိုရည်

T Zone အဆီအရမ်းပြန်တတ်တဲ့သူတွေနဲ့အဆင်ပြေမယ့်နည်းလမ်းဖြစ်ပါတယ်။ ဆေးဖက်ဝင်တဲ့ စန္ဒကူးနံ့သာက အသားခြောက်ခြင်းသက်သာစေပြီး အဆီပြန်ခြင်းသက်သာစေသလို နှင်းဆီရည်ကလည်း အသားအရေကိုအစိုဓာတ်ရစေတာကြောင့် စန္ဒကူးအမှုန့် နှစ်ဇွန်းခန့်ကို နှင်းဆီရည်တစ်ဇွန်း၊ သံပယိုရည်တစ်ဇွန်းတို့နဲ့ ခွက်တစ်ခုထဲထည့်ကာ အနှစ်ရတဲ့အထိ ရောမွှေပေးပြီး မျက်နှာမှာ မိနစ် ၂၀ ခန့် ပေါင်းတင်ပေးလိုက်ပါ။ Mask အသားခြောက်သွားတဲ့အခါ ရေအေးအေးလေးနဲ့ ပြန်လည်ဆေးချနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar