မင်္ဂလာပါ ပျိုမေတို့ရေ။ နှုတ်ခမ်းသား သဘာဝအတိုင်း နူးညံ့ပြီး ပန်းရောင်သန်းနေဖို့ Lip Balm လိမ်းရုံနဲ့ မလုံလောက်ပါဘူးနော်။ နှုတ်ခမ်းမှာကပ်ကျန်နေတတ်တဲ့ ဆဲလ်သေနဲ့ ဂျီးတွေပြောင်ဖို့ ပေါင်းတင်ပြီး ချေးချွတ်ပေးဖို့လည်း လိုပါတယ်။ နှုတ်ခမ်းကို ပုံမှန်လေးပေါင်းတင်ပေးတာက နှုတ်ခမ်းသားစိုပြေပြီး တင်းတင်းအိအိလေးနဲ့ ဆိုးဆေးမလိုဘဲ ပန်းရောင်သန်းနေအောင် ပြုပြင်ပေးမှာပါ။ ဒီလိုမျိုး ပေါင်းတင်ချင်တဲ့သူတွေအတွက် အကုန်အကျအနည်းဆုံးနဲ့ ကိုယ်တိုင်လုပ်လို့ရတဲ့ DIY ပေါင်းတင်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒိန်ချဉ်နဲ့ ကီဝီသီး


ဒိန်ချဉ်က အစိုဓာတ်ဖြည့်ပေးပြီး အသားအရေကြည်စေတဲ့အပြင် ကီဝီသီးမှာ ကိုယ်တွင်း Collagen ထုတ်လုပ်မှုကိုမြှင့်တင်ပေးတဲ့ ဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ ဒိန်ချဉ်နှစ်ဇွန်း၊ ချေထားတဲ့ ကီဝီသီးတစ်ဇွန်းစာတို့ကို ရောပြီး အနှစ်ရအောင်မွှေပါ။ ရလာတဲ့အနှစ်ကို နှုတ်ခမ်းအနှံ့လိမ်းပြီး မိနစ် ၂၀ မှ ၃၀ ကြားထားနိုင်ပါတယ်။ ပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။

သကြားညို၊ သံလွင်ဆီနဲ့ ပျားရည်


သကြားညိုနဲ့ ချေးချွတ်တာက ဆဲလ်သေတွေကွာကျစေပြီး ပျားရည်က နှုတ်ခမ်းသားအစိုဓာတ်ကို ဖြည့်ပေးပါတယ်။ သကြားညိုတစ်ဇွန်းနဲ့ အရောအနှောမရှိတဲ့ ပျားရည်တစ်ဇွန်းယူပြီး သံလွင်ဆီ ငါးစက်လောက်ထည့်ကာ ရောမွှေပါ။ ပြီးနောက် နှုတ်ခမ်းမှာ သုံးမိနစ်ခန့် နှိပ်နယ်ပြီးလိမ်းပေးရပါမယ်။ နောက်ထပ် ၁၀ မိနစ်လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချပေးပါ။

ရှားစောင်းလက်ပတ်နဲ့ သကြား


ဒီနည်းက နှုတ်ခမ်းသားကွဲခြောက်တာသက်သာပြီး အရေပြားအစိုဓာတ်ဖြည့်ကာ နူးညံ့စေပါတယ်။ ရှားစောင်း Gel နှစ်ဇွန်းခန့်ကို ယူပြီး သကြားတစ်ဇွန်းနဲ့ ရောပါ။ ရလာတဲ့အနှစ်ကို နှုတ်ခမ်းမှာ နှိပ်နယ်ကာလိမ်းပြီး ၁၀ မိနစ်ခန့်ထားနိုင်ပါတယ်။ ပြီးနောက်မှာတော့ အဝတ်တစ်ခုနဲ့သုတ်ပြီး အစိုဓာတ်စိမ့်ဝင်နေအောင် အပေါ်က Lip Balm တစ်ခုထပ်လိမ်းထားလိုက်ပါ။

ပျားရည်၊ ဒိန်ချဉ်နဲ့ နှင်းဆီပွင့်ဖတ်


နှင်းဆီပွင့်အဖတ်မှာ နေလောင်ဒဏ်ကိုသက်သာစေတဲ့ Antioxidant တွေပါဝင်ပြီး ဒီနည်းက နှုတ်ခမ်းအရေခွံကွာချတာနဲ့ ကွဲအက်တာတွေကို ထိထိရောက်ရောက်သက်သာစေမှာပါ။ နှင်းဆီဖတ် သုံးဇွန်းစာယူပြီး ဒိန်ချဉ်ပလိန်း တစ်ဇွန်း၊ Oganic ပျားရည်တစ်ဇွန်းတို့နဲ့ ခွက်တစ်ခွက်ထဲအတူရောပါ။ ရလာတဲ့အရောကို နှုတ်ခမ်းမှာလိမ်းပြီး မိနစ် ၃၀ ခန့်ထားနိုင်ပါတယ်။ အချိန်ပြည့်တဲ့အခါ ရေအေးအေးနဲ့ ပြန်လည်ဆေးချလိုက်ပါ။

ပျားရည်နဲ့ အုန်းဆီ


နှုတ်ခမ်းခြောက်တဲ့သူတွေအတွက် အရမ်းအသုံးဝင်တဲ့နည်းဖြစ်ပြီး ပါဝင်ပစ္စည်းနှစ်မျိုးပဲလိုပါတယ်။ ပျားရည်တစ်ဇွန်းနဲ့ အုန်းဆီတစ်ဇွန်းတို့ဖြစ်ပြီး အရင်ဆုံး အုန်းဆီကို ၁၅ စက္ကန့်လောက် ခပ်နွေးနွေးဖြစ်ရုံအပူပေးပါ။ ပြီးနောက် ပျားရည်နဲ့ ရောပေးရပါမယ်။ ရလာတဲ့အရောကို နှုတ်ခမ်းမှာလိမ်းပြီး မိနစ် ၃၀ ထားကာ ရေအေးနဲ့ပြန်ဆေးချပါ။ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းဘေးက အရေးအကြောင်းတွေကိုပါ သက်သာစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar