မင်္ဂလာပါနော်။ ဈေးသက်သာပြီး Chemical မပါတဲ့ အိမ်တွင်းနည်းတွေနဲ့ အသားအရေ ထိန်းသိမ်းတတ်ကြတဲ့သူတွေရှိလား။ အချို့သဘာဝပစ္စည်းတွေက မျက်နှာကို တိုက်ရိုက်လိမ်းလို့ အဆင်ပြေပေမယ့် အာနိသင်ပြင်းတဲ့ ပစ္စည်းအချို့ကတော့ မျက်နှာပေါ်တင်မိရင် အသားပါးပြီး Sensitive ဖြစ်နိုင်တာကို သတိထားဖို့လိုပါတယ်။ ဒါကြောင့်မို့ မသုံးသင့်တဲ့သဘာဝပစ္စည်းတွေအကြောင်းကို သိထားရင်အကောင်းဆုံးပါပဲနော်။ ဒီတစ်ခေါက်မှာ ပျိုမေတို့သတိထားရမယ့် မျက်နှာအသားအရေ ထိခိုက်စေနိုင်တဲ့ အိမ်တွင်းပစ္စည်းတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ သံပယိုသီး

သံပယိုသီးမှာ အသားအရေအတွက်အကျိုးပြုတဲ့ Vitamin C ဓာတ်ပါဝင်ပေမယ့် သူ့မှာအာနိသင်ပြင်းတဲ့ အက်စစ်ဓာတ်တွေလည်း ပါတာမို့ မျက်နှာနဲ့တိုက်ရိုက်ထိတွေ့မိရင် အသားပါးစေတတ်ပါတယ်။ အသားပါးသွားတဲ့အခါ နေရောင်လေးနည်းနည်းထိတာနဲ့ မခံနိုင်တော့တာ၊ အသားခြောက်ဖို့လွယ်တာတွေ ဖြစ်လာမှာပါ။

၂။ သွားတိုက်ဆေး

ဝက်ခြံဖုတွေ ချပ်သွားအောင် သွားတိုက်ဆေးနဲ့ဖုံးတဲ့နည်းကို ကြားဖူးကြမယ်ထင်ပါတယ်။ သွားတိုက်ဆေးမှာပါတဲ့ ချေးချွတ်အာနိသင်က မျက်နှာအတွက် အရမ်းပြင်းတာမို့ အသားလောင်ပြီး အရေပြားရမ်းတာ၊ အသားခြောက်တာတွေဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ သွားတိုက်ဆေးကိုလည်း ရှောင်ဖို့မမေ့ပါနဲ့။

၃။ ရှာလကာရည်

ရှာလကာရည်မှာ အရေပြားအတွင်းပိုင်းအထိသန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိတာမို့ အချို့က သဘာ၀ Toner အနေနဲ့သုံးတတ်ကြပါတယ်။ ဒါပေမယ့်သူက အနံ့လည်းပြင်းသလို မျက်နှာမှာတိုက်ရိုက်လိမ်းမိရင် အသားပါးပြီး Sensitive လည်းဖြစ်တတ်တာမို့ မသုံးတာ အကောင်းဆုံးပါပဲ။

၄။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက ဆဲလ်သေနဲ့အညစ်အကြေးတွေ ဖယ်ရှားပေးနိုင်တာမို့ ခန္ဓာကိုယ် Exfoliate လုပ်ဖို့အဆင်ပြေပေမယ့် မျက်နှာမှာသုံးမယ်ဆိုရင်တော့ အရေပြားအစိုဓာတ်ဆုံးရှုံးပြီး အသားခြောက်စေမှာပါ။

၅။ ကော်ဖီမှုန့်

ကော်ဖီမှုန့်ကိုလည်း မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်တာမျိုး မလုပ်သင့်ပါဘူးနော်။ ကော်ဖီမှုန့်ကြမ်းဆိုရင် ပိုဆိုးပါတယ်။ အရေပြားအလွှာပေါ်က သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်တာမို့ အသားအရေခြောက်သွေ့ပြီး ရောင်ရမ်းတာတွေဖြစ်စေမှာပါ။

Photo Source: www.bebeautiful.in, lofficielusa.com