မင်္ဂလာပါ ပျိုမေတို့ရေ။ နေပူပြင်းတဲ့ရာသီရောက်လာပြီမို့ ဒီလိုအချိန် အသားအရေမှာ အဖြစ်များတဲ့ နေလောင်ကွက်၊ ဝက်ခြံနဲ့ အမဲစက်ပြဿနာတွေကို မဖြစ်ခင်ကတည်းက ကြိုကာကွယ်ထားတာ အကောင်းဆုံးပါပဲနော်။ ဒါကြောင့်မို့ နွေရာသီအတွင်း အသားအရေထိန်းသိမ်းရာမှာ အသုံးဝင်စေမယ့် မျက်နှာပေါင်းတင်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အသားအေးစေတဲ့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ရမှာဖြစ်လို့ ဘေးထွက်ဆိုးကျိုးနည်းသလို နေပူထဲထွက်ရတဲ့သူတွေအတွက် တစ်နေ့တာ မောပန်းမှုတွေပြေပျောက်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းစေမှာပါ။

သခွားသီးနဲ့ ရှားစောင်းလက်ပတ်


သခွားသီးက အရေးအကြောင်းတွေပြေလျော့ပြီး အသားအေးစေတဲ့အပြင် ရှားစောင်းမှာပါတဲ့ ဗီတာမင်အာနိသင်တွေက အသားအရေအစိုဓာတ်ရပြီး နူးညံ့စေပါတယ်။ နေလောင်ကွက်နဲ့ အသားနီမြန်းတာတွေသက်သာစေတာမို့ သခွားသီးစိတ်အနည်းငယ်နဲ့ ရှားစောင်း Gel တို့ကို ရောပြီး အနှစ်ရအောင် ကြိတ်ပေးပါ။ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပြီး ၁၅ မိနစ်လောက် ပေါင်းတင်ပေးနိုင်ပါတယ်။ ပြီးနောက် ရေအေးလေးနဲ့ ပြန်လည်သန့်စင်ပေးပါ။

နှင်းဆီရည်နဲ့ စန္ဒကူးအမှုန့်


နှင်းဆီရည်က ခေါင်းကြည်ပြီး လန်းဆန်းသွားစေသလို ဆေးဖက်ဝင်တဲ့ စန္ဒကူးအမှုန့််ကလည်း အသားအေးစေတာကြောင့် နွေရာသီအတွက်အရမ်းသင့်တော်ပါတယ်။ ဒါကြောင့်မို့ စန္ဒကူးအမှုန့်အနည်းငယ်ကို နှင်းဆီရည်နဲ့ ခပ်ပြစ်ပြစ်အနှစ်ရအောင်ရောပြီး သူ့ကိုလည်း ၁၅ မိနစ်လောက်ထားကာ ပေါင်းတင်ပေးသင့်ပါတယ်။

ပူစီနံရွက်နဲ့ ဒိန်ချဉ်


အသားအရေအေးမြစေတဲ့ ပူစီနံရွက်အနည်းငယ်နဲ့ မျက်နှာပေါ်က ဆဲလ်သေတွေဖယ်ရှားပြီး အသားဖြူစေတဲ့ ဒိန်ချဉ်တို့ကိုရောပြီး ပေါင်းတင်တာကလည်း နွေရာသီနဲ့ အံကိုက်ပါပဲနော်။ ခွက်တစ်ဝက်ကို လတ်ဆတ်တဲ့ ပူစီနံရွက် လေးရွက်ခန့်ကို ကြိတ်ပြီး ပလိန်းဒိန်ချဉ်နဲ့ ရောပေးပါ။ ရလာတဲ့အနှစ်ကို မျက်နှာမှာ ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်လိမ်းပြီး ပေါင်းတင်နိုင်ပါတယ်။

သခွားသီးနဲ့ ဒိန်ချဉ်


ပူစီနံရွက် အနံ့မခံနိုင်တဲ့သူတွေက သူ့အစား သခွားသီးနဲ့ ဒိန်ချဉ်ရောပြီး ပေါင်းတင်နိုင်ပါတယ်နော်။ နှစ်မျိုးလုံးရဲ့ အာနိသင်ရောစပ်မှုက အသားအရေကိုသန့်စင်ပြီး အစိုဓာတ်ဖြည့်ပြီးသားဖြစ်စေမှာပါ။ သခွားသီးကို ခွက်တစ်ဝက်ခန့်ရအောင်ကြိတ်ပြီး ဒိန်ချဉ်အနည်းငယ်နဲ့ရောကာ အနှစ်ရအောင်လုပ်ပါ။ ဒီပေါင်းတင်အနှစ်ကို မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ကြာ ပေါင်းတင်ပေးသင့်ပါတယ်။

လက်ဖက်စိမ်းနဲ့ ပျားရည်


လက်ဖက်စိမ်းမှာ အသားအေးစေတဲ့ Antioxidant တွေပါဝင်နေသလို ပျားရည်က မျက်နှာကိုအစိုဓာတ်ဖြည့်ပေးမှာပါ။ သူတို့နှစ်မျိုးပေါင်းအာနိသင်ကြောင့် အသားအရေလေး ကြည်လင်ပြီး နူးညံ့စေမှာဖြစ်လို့ လက်ဖက်စိမ်းရွက်အနည်းငယ်ကို ငါးမိနစ်လောက်ပြုတ်ကာ အရည်စစ်ယူပြီး ပျားရည်နဲ့ရောပေးပါ။ ရလာတဲ့အရည်ကို မျက်နှာမှာ ခြောက်လောက်တဲ့အထိ ၁၅ မိနစ်လောက် လိမ်းထားပြီး ပေါင်းတင်နိုင်ပါတယ်။ ပြီးနောက် ရေအေးအေးနဲ့ဆေးချလိုက်ရုံပါပဲ။

Photo Source: Pinterest

By MyStyle Myanmar