မင်္ဂလာပါနော်။ ပျိုမေတို့နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ယောဂလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းကို ကျန်းမာကျစ်လစ်စေတဲ့အပြင် စိတ်တည်ငြိမ်စေပြီး Stress ပြေလျော့ဖို့အတွက်ပါ ကူညီပေးနိုင်ပါတယ်။
သင်က ယောဂလေ့ကျင့်ခန်းတွေကို ကိုယ့်အိမ်မှာ လွတ်လွတ်လပ်လပ်လုပ်ရတာကြိုက်တဲ့သူဆိုရင်တော့ အိမ်မှာ ယောဂပြုလုပ်တဲ့အခါ ကိုယ်တိုင်သတိမထားမိဘဲ လုပ်မိနိုင်တဲ့ နည်းလမ်းအမှားတွေကို သိထားဖို့လိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ယောဂကို အိမ်မှာပဲ ထိထိရောက်ရောက်ဖြစ်အောင် လုပ်ချင်တဲ့သူတွေ သတိထားနိုင်ဖို့ Home Yoga ပြုလုပ်ရမှာ အများစုမှားလုပ်မိတတ်တဲ့ အရာတွေအကြောင်းကိုမျှဝေပေးပါရစေ။

၁။ မှားယွင်းတဲ့အဝတ်အစားတွေဝတ်ဆင်ခြင်း


ယောဂလေ့ကျင့်ခန်းလုပ်တဲ့အခါ မှန်ကန်တဲ့ဝတ်စားဆင်ယင်မှုရှိဖို့လည်း အရေးကြီးပါတယ်။ ချောင်လွန်း၊ ကြပ်လွန်းတဲ့ အဝတ်အစားတွေက သင့်ကိုစိတ်အနှောက်အယှက်ဖြစ်စေနိုင်တာကြောင့် Yoga လေ့ကျင့်ခန်းတွေအတွက် ပေါ့ပေါ့ပါးပါးရှိတဲ့ ဆွဲသားအင်္ကျီအပျော့နဲ့ အသားကပ်ဘောင်းဘီတွေကို ဝတ်ဆင်ပေးဖို့လိုပါတယ်။

၂။ Yoga နဲ့ဆိုင်တဲ့ ပစ္စည်းတွေမသုံးမိခြင်း

Photo Source: Stylist

အိမ်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ယောဂအတွက်လိုအပ်တဲ့ အကူပစ္စည်းတွေမသုံးတာကလည်း တစ်ခါတစ်လေမှာ ထိထိရောက်ရောက်မရှိတာမျိုးဖြစ်တတ်ပါတယ်။ Yoga အတွက်လိုအပ်တဲ့ ဖျာ၊ ရာဘာကြိုး၊ Block တုံး၊ ခါးပတ်စတာတွေကိုအသုံးပြုခြင်းက ကြွက်သားတက်စေတဲ့အပြင် ခန္ဓာကိုယ်ပျော့ပြောင်းပြီး ဟန်ချက်ညီညီထိန်းထားနိုင်ဖို့ပါကူညီပေးနိုင်ပါတယ်။ ယောဂဖျာကအရေးကြီးတာမို့ သက်တောင့်သက်သာရှိပြီး အရည်အသွေးကောင်းတာမျိုးကိုအသုံးပြုပေးပါ။ ဒီလိုဆက်စပ်ပစ္စည်းတွေရှိထားတာက သင့်ကို Yoga ပုံမှန်ပြုလုပ်ဖို့ တွန်းအားတစ်ခုလည်းဖြစ်စေပါလိမ့်မယ်။

၃။ သွေးပူလေ့ကျင့်ခန်းမလုပ်မိခြင်း


အားကစားမလုပ်ခင်သွေးပူလေ့ကျင့်ခန်းပြုလုပ်ဖို့လိုသလို Yoga အတွက်လည်းအလားတူပါပဲ။ Yoga မကျင့်ခင်မှာ သွေးပူလေ့ကျင့်ခန်းအနေနဲ့ ပုံမှန်အကြောလျှော့တာ ဒါမှမဟုတ် ခပ်မြန်မြန်လမ်းလျှောက်တာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါကသင့်ကို လေ့ကျင့်ခန်းမလုပ်ခင် သွေးလည်ပတ်မှုပိုကောင်းစေပြီး ကြွက်သားနာကျင်မှုကိုလျှော့ချပေးနိုင်ပါတယ်။

၄။ ပုံမှန်လေ့ကျင့်မှု မပြုလုပ်ခြင်း


နေ့စဉ်အခြားလုပ်ငန်းတွေနဲ့မအားလပ်ကြတဲ့သူတွေများတာကြောင့် အိမ်မှာ Yoga အတွက်ပုံမှန် သီးသန့်အချိန်ပေးနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒီလိုနဲ့ ပုံမှန်မလုပ်ဖြစ်တဲ့အခါမှာ သင့်အတွက် Yoga လုပ်ရတာပိုခက်ခဲပြီး ထိထိရောက်ရောက်အာရုံမစိုက်နိုင်တော့ဘဲဖြစ်သွားနိုင်ပါတယ်။

၅။ ဗိုက်ပြည့်နေတဲ့အချိန် ယောဂကျင့်ခြင်း


ယောဂကိုအစားအသောက်နဲ့နီးတဲ့အချိန်၊ ဗိုက်ပြည့်နေတဲ့အချိန်တွေမှာလုံးဝမလုပ်သင့်ပါဘူး။ ဒါက ယောဂလေ့ကျင့်ခန်းတွေမှာပါတဲ့ ခန္ဓာကိုယ်အကွေးအလိမ်ပုံစံတွေပြုလုပ်ရာမှာ ခက်ခဲစေပြီး မအီမသာနဲ့ ပျို့အန်ချင်လာတာတွေဖြစ်တတ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar