မချစ်လို့လမ်းခွဲလိုက်ကြတဲ့ စုံတွဲတွေရှိသလို ချစ်ရက်နဲ့ လမ်းခွဲဖြစ်သွားကြတဲ့ စုံတွဲတွေလည်း ရှိပါတယ်။ ဘာကြောင့် ချစ်ရက်နဲ့ လမ်းခွဲဖြစ်သွားကြလဲဆိုရင်တော့ ချစ်ပေမယ့်လမ်းခွဲလိုက်ကြတဲ့ စုံတွဲအများစုရဲ့ အဖြစ်များတဲ့ပြဿနာတွေက ဒီ ၅ မျိုးကြောင့်ပါပဲ။

အချိန်မပေးနိုင်ခြင်း

တစ်ယောက်နဲ့တစ်ယောက်တော့ ချစ်ကြပေမယ့် တစ်ယောက်က အားနေတယ်၊ တစ်ယောက်ကတော့ အလုပ်တွေရှုပ်ပြီး အချိန်မပေးနိုင်ဘူး။ ဒီတော့ ကြာလာတဲ့အခါမှာ အချိန်မပေးနိုင်တာတွေ များနေတော့ အားနေတဲ့သူက အတွေးပေါင်းစုံဝင်လာပြီး အထီးကျန်လာမယ်၊ ဂရုစိုက်ပေးတာ၊ အချိန်ပေးတာတွေကို ပိုလိုချင်လာမယ်၊ စိတ်ဆိုးမယ်။ ဒီလိုနဲ့ ခဏခဏပြဿနာတွေတက်တာ၊ နားလည်မှုမရှိကြတော့တာတွေ ဖြစ်လာပြီး လမ်းခွဲဖို့ကို ဦးတည်လာတော့တာပါပဲ။

အတ္တကြီးခြင်း၊ မာနကြီးခြင်း

Relationship တစ်ခုမှာက အရမ်းကို အတ္တတွေကြီးပြီး မာနတွေကြီးနေမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ချစ် ရေရှည်မှာ အဆင်မပြေပါဘူး။ တချို့ဆိုရင် ချစ်ရက်နဲ့ လမ်းခွဲပြီး ပြန်ဆက်သွယ်ချင်တာတောင် မာနတွေ၊ အတ္တတွေကြောင့် ပြန်မဆက်သွယ်ဖြစ်တာမျိုးတွေ အများကြီးရှိပါတယ်။

ပွင့်လင်းမှုမရှိခြင်း

တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုမရှိတာက ရေရှည်အတွက် မကောင်းပါဘူး။ ပြဿနာတစ်ခုဖြစ်လာရင် ပွင့်ပွင့်လင်းလင်းပြောမှ ဖြေရှင်းလို့ရမှာကို မပွင့်လင်းရင် တစ်ယောက်ဘာဖြစ်နေလဲဆိုတာကို တစ်ယောက်ကမသိပါဘူး။ ဒီတော့အဆင်ပြေအောင် ဖြေရှင်းဖို့၊ လုပ်ပေးဖို့ ခက်ပါတယ်။ ကိုယ်ကချစ်ရင် ချစ်တာကိုပွင့်လင်းပါ။ ဒါမှတစ်ဖက်လူကသိမှာ။ ကိုယ်မကျေနပ်တာရှိရင်လည်း ပြောမှ တစ်ဖက်ကသိမှာပါ။

ဒေါသကြီးခြင်း

ဒေါသအရမ်းကြီးတဲ့သူက တစ်ခုခုဖြစ်လာရင် မျက်လုံးထဲဘာမှမမြင်တော့ပဲ၊ ဘာမှမစဉ်းစားနိုင်တော့ပဲ စိတ်လက်မာန်ပါလုပ်မိမယ်။ ဒေါသထွက်တုန်းမှာ သွေးပူပြီးလုပ်လိုက်မိတာတွေက ပြီးသွားတဲ့အခါကျမှ နောင်တရနေတတ်ပါတယ်။ အမှားတွေက လွန်သွားရင် နောင်တရစရာတွေပဲ ဖြစ်နေမှာပါ။ ဒေါသအလျောက်လုပ်မိလို့ ပြတ်စဲသွားကြတဲ့ စုံတွဲတွေလည်း အများကြီးပါ။

ကြားလူဝင်ခြင်း

တစ်ယောက်နဲ့တစ်ယောက်ချစ်ပေမယ့် ကြားလူဝင်ပြီး နှောင့်ယှက်တာတွေကြောင့် လမ်းခွဲဖြစ်သွားကြတာတွေလည်း ရှိပါတယ်။ ကြားလူဆိုတာက မိသားစု၊ သူငယ်ချင်းတွေလည်း ဖြစ်နိုင်ပါတယ်။ သူများပြောတာ နားယောင်တတ်တဲ့သူ၊ အယုံလွယ်ပြီး စိတ်ပျော့တဲ့သူတွေမှာ ပိုပြီးအဖြစ်များပါတယ်။