မိန်းကလေးတွေအနေနဲ့ ခေါင်းလျှော်တဲ့အခါမှာ အများဆုံးပြုလုပ်မိလေ့ရှိကြတဲ့ အမှား ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါမှလည်း ကိုယ်တိုင်လုပ်မိနေတာတွေပါရင် ဆင်ခြင်လို့ရမှာပါ။

ခေါင်းမလျှော်ခင်မှာဆံပင်မဖြီးခြင်း

တော်တော်များများက ခေါင်းလျှော်မယ်ဆိုရင် ဆံပင်မဖြီးပဲ တန်းလျှော်တာမျိုး လုပ်လေ့ရှိပါတယ်။ ဆံပင်က ရှင်းမနေတဲ့အတွက် ခေါင်းလျှော်ချလိုက်တဲ့အခါမှာ ပိုရှုပ်ထွေးပြီး ကျွတ်တာမျိုး၊ ငြိတာမျိုးတွေ ဖြစ်ပါတယ်။ ခေါင်းလျှော်ပြီးရင်လည်း ဆံပင်က ရှုပ်ထွေးနေပါလိမ့်မယ်။ ဒါကြောင့် ခေါင်းမလျှော်ခင်မှာ ဆံပင်အရင်ရှင်းပြီး ဖြီးပေးပါ။

ဆံပင်ကိုရေသေချာစိုအောင်မလုပ်ခြင်း

ခေါင်းလျှော်ရည်မသုံးခင်မှာ ဆံပင်ကို ရေသေချာစိုအောင်မလုပ်ပဲ ခေါင်းလျှော်ရည်တန်းသုံးတာမျိုး မလုပ်ရပါဘူး။ ဦးရေပြားနဲ့ဆံပင်ကို ရေနဲ့သေချာသန့်စင်ပြီးတော့မှ ခေါင်းလျှော်ရည်သုံးပေးတာက ပိုသန့်စင်ပါတယ်။

ခေါင်းကို Massage လုပ်နှိပ်နယ်ပေးတာမျိုးမလုပ်ခြင်း

ခေါင်းလျှော်နေတဲ့အချိန်မှာ လက်ချောင်းလေးတွေနဲ့ ခေါင်းကို massage လုပ် နှိပ်နယ်ပေးတာက ဦးရေပြား သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆံပင်သန်စွမ်းကျန်းမာစေပါတယ်။

ခေါင်းလျှော်ရည်အများကြီးသုံးခြင်း

အမြှုပ်တွေ အများကြီးထွက်အောင်ဆိုပြီး ခေါင်းလျှော်ရည်ကို လိုတာထက်ပိုပြီး အများကြီးမသုံးပါနဲ့။ ခေါင်းလျှော်ရည် အများကြီးသုံးရင် ဦးရေပြားယားယံပြီး ပြောင်အောင်မလျှော်တဲ့အခါမှာ ဗောက်ထတာတွေ ဖြစ်လာတတ်ပါတယ်။

ခေါင်းလျှော်ရည်ကိုဆံပင်ပေါ်မှာအကြာကြီးထားခြင်း

ခေါင်းလျှော်ရည်ကို ဆံပင်ပေါ်မှာ အကြာကြီးထားရင် ဆံပင်ကျွတ်တတ်ပါတယ်။ ဒါကြောင့် လိုတာထက်ပိုပြီး အကြာကြီးမထားပါနဲ့။ ကြာကြာထားရမှာက conditioner ပါ။