ဆံပင်အရမ်းကျွတ်ပေမယ့် ဘာကြောင့်လဲဆိုတာ အဖြေရှာမရဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ Lifestyle နဲ့ လုပ်နေကျ အမူအကျင့်တွေ မှန်ရဲ့လား ပြန်လည်ဆန်းစစ်ကြည့်ဖို့ လိုလာပါပြီ။ တစ်ခါတစ်လေ ကိုယ်တိုင်က သတိမထားမိပေမယ့် ဆံပင်ပိုကျွတ်အောင်လုပ်နေမိတဲ့ အမူအကျင့်အလွဲတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါတွေမလုပ်မိအောင် ရှောင်နိုင်ဖို့ ဒီတစ်ခေါက်မှာ သိထားသင့်တဲ့ ဆံပင်ကျွတ်စေတဲ့ အလေ့အကျင့်အမှားတွေကို မျှဝေပေးလိုက်ပါတယ်။

အချိန်အတိအကျမရှိဘဲ ကြုံသလိုခေါင်းလျှော်တာ


တစ်ပတ်အတွင်း ခေါင်းလျှော်ရမယ့်အကြိမ်ရေ သတ်သတ်မှတ်မှတ်မရှိဘဲ ဖြစ်သလိုလျှော်တာကလည်း ရေရှည်မှာ ဆံသားထိပါတယ်နော်။ နေ့တိုင်းနီးပါး ခေါင်းလျှော်တာမျိုးလုပ်မိရင် ဦးရေပြားတွင်း အဆီအနှစ်တွေဆုံးရှုံးပြီး ဆံလုံးကြမ်းကာ ကျွတ်ထွက်လာမှာပါ။ ဒါကြောင့်မို့ ခေါင်းလျှော်တာကို အချိန်လေးနဲ့ထားပေးပါ။ တစ်ပတ် နှစ်ကြိမ်၊ သုံးကြိမ်ထက်ပိုမလျှော်ရင်အကောင်းဆုံးပါပဲ။ ခေါင်းလျှော်ရည်ကိုလည်း Chemical ပါဝင်မှုနည်းတဲ့ သဘာဝခေါင်းလျှော်ရည်တွေ ရွေးသုံးပေးပါ။

အပူနဲ့တိုက်ရိုက်ထိတာ


အပူဒဏ်က ဆံသားအတွက် အဓိကရန်သူပါပဲ။ အပူနဲ့တိုက်ရိုက်ထိတွေ့တာက ဆံပင်ပျက်စီးပြီး ကျွတ်ထွက်ဖို့ အရမ်းလွယ်ပါတယ်။ နေပူထဲထွက်ခါနီးပဲဖြစ်ဖြစ်၊ ဆံပင်စက်ဆွဲပြီး ပုံသွင်းချင်လို့ပဲဖြစ်ဖြစ် အပူဒဏ်တိုက်ရိုက်ထိတာကနေ ကာကွယ်ပေးမယ့် အပူခံ Spray နဲ့သေချာဖြန်းပြီးမှ သုံးပေးပါ။

စားသောက်ပုံမမှန်တာ


အစားအသောက်က တစ်ကိုယ်လုံးအတွက်သက်ရောက်မှုရှိတာမို့ ဆံသားအတွက်လည်းအလားတူပါပဲ။ ဆံသားကို အားဖြည့်ပေးမယ့် အာဟာရရှိတဲ့အစားအသောက်တွေရွေးချယ်တတ်ဖို့ လိုပါတယ်။ ပရိုတင်းဓာတ်၊ Biotin ဓာတ်နဲ့ ဗီတာမင်ဓာတ်များတဲ့အစားအစာတွေက ဆံသားအုံထူစေဖို့ အာဟာရဖြည့်ပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ ဥနဲ့ ပဲအမျိုးမျိုး၊ ဘယ်ရီသီးနဲ့ ငါး စတာတွေကို တစ်နေ့တာအတွက် ထည့်သွင်းစားသုံးပေးပါ။

ထိန်းသိမ်းမှုကောင်းကောင်းမလုပ်တာ


တစ်ခါတစ်ရံ ဆံသားအတွက် ခေါင်းလျှော်တာတစ်မျိုးတည်းလုပ်ရုံနဲ့လည်း မလုံလောက်ပါဘူး။ လိုအပ်တဲ့ Treatment လေးတွေလည်း လုပ်ပေးဖို့လိုပါတယ်။ ဒါမှဆံသားအစိုဓာတ်ပိုရပြီး ဆံပင်မကျွတ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။ ဒါကြောင့်မို့ တတ်နိုင်သလောက် အစိုဓာတ်ဖြည့်ပေးတဲ့ Hair Mask လေးတွေနဲ့ ပေါင်းတင်ပေးပါ။

ဆံပင်ခပ်တင်းတင်းစည်းတာ


ဆံပင်ကျွတ်သက်သာချင်ရင် ဆံပင်ခပ်တင်းတင်းစည်းတာကိုလည်း ရှောင်ပေးပါနော်။ ဆံပင်တင်းတင်း စည်းတာက ဆံသားကိုအရင်းကနေ ဆောင့်ဆွဲထားသလိုဖြစ်ပြီး ဆံပင်အကျွတ်များတတ်ပါတယ်။ ဆံပင်ခဏခဏဖြီးရင်လည်း ဆံပင်ပိုကျွတ်တာမို့ လိုအပ်မှဖြီးတာမျိုး လုပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar