မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ အားလပ်ရက် ခရီးသွားဖို့ စီစဉ်နေတဲ့သူတွေရှိလား။ ရက်တိုပဲဖြစ်ဖြစ်၊ ရက်ရှည်ပဲဖြစ်ဖြစ် လမ်းခရီးက ဖုန်၊ လေနဲ့ နေပူဒဏ်တွေကြောင့် အနည်းနဲ့အများ အသားအရေထိခိုက်တတ်တာမို့ မသွားခင်ကတည်းက Skincare နဲ့ပက်သက်ပြီး ကြိုစဉ်းစားထားတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ဘယ်နေရာရောက်ရောက် အသားအရေမထိခိုက်ဖို့ ခရီးထွက်တဲ့အချိန် ပြင်ဆင်လိုက်နာသင့်တဲ့ Skincare နည်းတွေကို ဖော်ပြပေးသွားမှာပါ။ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

သုံးနေကျ Moisturizer ဆောင်ထားပါ

ပတ်ဝန်းကျင်အသစ်ကြောင့် အသားအရေမခြောက်သွေ့ဖို့ အစိုဓာတ်က အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကိုယ်သုံးနေကျ Moistuizer တစ်မျိုးကို ဘယ်နေရာသွားသွားမမေ့အောင် ဆောင်ထားပါ။ အမြန်အစိုဓာတ်ဖြည့်ဖို့ Hydrating Mask တွေကပ်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ များသောအားဖြင့် Hyaluronic Acid နဲ့ Vitamin C ပါဝင်တဲ့ Moisturizer တွေကို ရွေးချယ်သင့်ပါတယ်။

Toner ထည့်သယ်သွားပါ

Toner ကခရီးသွားရင်း Skin မှာကပ်ကျန်နေနိုင်တဲ့ ဖုန်၊ အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်စေတာမို့ ခရီးသွားတိုင်း သယ်သွားဖို့လိုပါတယ်နော်။ နေရာမစားရအောင် လိုသလောက်ကိုပဲ ဘူးအသေးနဲ့ထည့်ယူတာမျိုး ပြုလုပ်ကြည့်ပါ။

ရေများများသာသောက်ပေးပါ

တစ်ချို့က ခရီးရောက်နေတာမို့ ရေသောက်ဖို့ မေ့နေတာမျိုး ဖြစ်တတ်ပါတယ်။ ခရီးသွားရင်း လေဒဏ်နဲ့ အထိုင်များတာတွေကြောင့် အသားအရေက ပုံမှန်ထက် ခြောက်သွေ့လွယ်လို့ ရေသောက်ဖို့က အရေးကြီးပါတယ်။ အသားအရေပြဿနာတော်တော်များများကိုပါ ကာကွယ်ပြီးသားဖြစ်အောင် အနည်းဆုံး ရေနှစ်လီတာ ပြည့်အောင်တော့ သောက်ပေးပါ။

Sunscreen ကောင်းကောင်းရွေးချယ်ပြီး ထည့်ထားသင့်ပါတယ်

Sunscreen ကဘယ်ကိုပဲသွားသွား မရှိမဖြစ်သယ်သွားသင့်တဲ့ Skincare တစ်မျိုးပါနော်။ ခရီးထွက်ရတဲ့အချိန်မှာဆို နေဒဏ်ပိုခံရတတ်တာမို့ လေးနာရီခြားတစ်ခါလောက် လိမ်းတာမျိုးလုပ်ပေးပါ။ အရေအကြောင်းနဲ့ နေလောင်ကွက်တွေမဖြစ်အောင် ကာကွယ်ပေးမှာပါ။

ဆံပင်စည်းထားပါ

ခရီးသွားရင် ခေါင်းက ချွေးထွက်တာ၊ ဖုန်၊ လေစတဲ့ ပတ်ဝန်းကျင်မျိုးစုံနဲ့ထိတွေ့ရတာမို့ ဆံပင်ကို မျက်နှာနဲ့သိပ်မထိအောင် စည်းထားတာက အကောင်းဆုံးပါပဲ။ အညစ်အကြေးတွေနဲ့ စေးကပ်နေတဲ့ဆံသားနဲ့ ထိတွေ့မိတဲ့အခါ မျက်နှာမှာ ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်လာတာတွေ ဖြစ်လာမှာပါ။

မိတ်ကပ် ပါးပါးလေးပဲလိမ်းပါ

မိတ်ကပ်ထူထူလိမ်းလေလေ ဖုန်နဲ့မိတ်ကပ်နဲ့ရောပြီး မျက်နှာချွေးပေါက်ပိတ်လေဖြစ်တာမို့ သေချာမသန့်စင်မိရင် အဆီဖုနဲ့ ဝက်ခြံတွေထွက်တာ၊ အသားတွေခြောက်ပြီး အရေးအကြောင်းထွက်လာတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ခရီးသွားရပြီဆိုရင် ကိုယ့်မျက်နှာအတွက် ဝန်မပိစေတဲ့ ခပ်ပါးပါးမိတ်ကပ်လေးတွေ လိမ်းပေးတာ ပိုကောင်းပါတယ်။

Photo Source: Pinterest

By MyStyle Myanmar