ဟယ်လို ပျိုမေတို့ရေ..MyStyle Myanmar ရဲ့ ကျန်းမာရေးကဏ္ဍကနေပြီး ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။ အရင်တစ်ခေါက်က ရင်သားတွေနဲ့ပတ်သက်ပြီး မိန်းကလေးတွေအသက်ရလာတဲ့အခါမှာ ကြုံတွေ့ရမယ့် အပြောင်းအလဲတွေအကြောင်းကို တင်ဆက်ခဲ့ပေးဖူးတာ မှတ်မိသေးလားမသိဘူးရှင့်။

အဲ့ဒီ့အပြောင်းအလဲတွေက မိန်းကလေးတိုင်းကြုံတွေ့ရမှာတွေဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ အရင်တုန်းကတင်ဆက်ပေးခဲ့တဲ့ အချက်တွေနဲ့မတူဘဲ ကျန်းမာရေးနဲ့ပတ်သက်လို့ ပေါ့ပေါ့လေးတွေးလို့မရမယ့် ပြောင်းလဲမှုတွေကို ထပ်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အမျိုးသမီးတို့အတွက်က ရင်သားနဲ့ပတ်သက်လာရင် ရင်သားကင်ဆာက အင်မတန်ကြောက်စရာကောင်းတာမို့ အချိန်နှောင်းမှသိရလို့ ဘာမှမတတ်နိုင်တော့တာမျိုးမဖြစ်ရလေအောင် ကြိုတင်သတိထားရမယ့် ပြောင်းလဲမှုတွေက ဘာတွေလဲဆိုတာ အခုပဲအတူတူဖတ်ကြည့်လိုက်ရအောင်ပါ။

အကျိတ်၊ အဖုအထစ်

ရင်သားမှာဖြစ်တတ်တဲ့ အကျိတ်တွေ၊ အဖုအထစ်တွေက ရင်သားကင်ဆာဖြစ်မယ့် လက္ခဏာဆိုပြီး ကြားဖူးကောင်းကြားဖူးထားနိုင်ပေမယ့် အများစုက မဟုတ်ပါဘူးနော်။ အမေရိကန်က National Health Service ရဲ့ ပြောဆိုချက်တွေအရ ဒီအကျိတ်အများစုက အန္တရာယ်မရှိကြပါဘူး။ သူတို့တွေက များသောအားဖြင့် ကင်ဆာမဟုတ်တဲ့တစ်သျှူးတွေကြီးထွားမှု သို့မဟုတ် အရည်တွေများသထက်များလာလို့ အကျိတ်အနေနဲ့ ဖြစ်လာရခြင်းပါ။

ဒါပေမယ့်လည်း ပေါ့ပေါ့ဆဆမနေလိုက်ပါနဲ့။ နောက်ကျမှသိရတာထက် ကြိုတင်ကာကွယ်ထားတာကမမှားပါဘူး။ ရင်သားကင်ဆာက ဖြစ်ခါစမှာ ကြိုသိမယ်ဆိုရင် ကုသရတာပိုပြီးလွယ်ကူလို့ ကိုယ့်ရင်သားမှာ အကျိတ်လိုမျိုးဖြစ်နေသလို ခံစားရတယ်ဆိုရင် ဆရာဝန်နဲ့သွားရောက်ပြသပြီး စစ်ဆေးကြည့်ပါ။

ရင်သားနာကျင်ခြင်း

ကင်ဆာတစ်သျှူးတွေက ရင်သားနာကျင်မှုကို ဖြစ်ပေါ်စေလေ့ သိပ်ပြီးမရှိဘူးဆိုပေမယ့်လည်း ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ရင် အရာရာက စိုးရိမ်စရာချည်းပဲမို့ သေချာပေါက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ်။

နို့သီးခေါင်းမှ အရည်ထွက်ခြင်း

သင်က ကိုယ်ဝန်ဆောင်သည် ဒါမှမဟုတ် နို့တိုက်မိခင်မဟုတ်ဘူးဆိုရင်တောင် နို့သီးခေါင်းကနေ အရည်ထွက်ခြင်းနဲ့ပတ်သက်လို့ သိပ်ပြီးရှည်ရှည်ဝေးဝေးတွေးမိမှာမဟုတ်ပါဘူး။ ထွက်လာတဲ့အရည်က အရောင်အဆင်းမရှိတာလည်းဖြစ်နိုင်သလို နို့ရည်ကြည်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အညိုရောင်၊ သွေးရောင်တွေပါဖြစ်နိုင်ပါတယ်။ ကိုယ့်ရင်သားနို့သီးကနေပြီး အရည်မကြာခဏထွက်နေတယ် ဒါမှမဟုတ် ညှစ်လိုက်တဲ့အချိန် အရည်ထွက်လာတယ်ဆိုရင်တော့ ကင်ဆာဖြစ်စေတဲ့တစ်သျှူးတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်လို့ ဆရာဝန်နဲ့သွားရောက်ပြသလိုက်ပါ။

ရင်သားနှစ်ဖက်က အရွယ်မတူဘူး

ရင်သားနှစ်ဖက်လုံး ဆိုဒ်တူညီဖို့ဆိုတာက ရှားတဲ့ကိစ္စအတွက်ကြောင့်မို့ ဒီဆောင်းပါးဖတ်ပြီး ကိုယ့်ရင်သားကိုယ်ပြန်ကြည့်ပြီး လန့်ဖြန့်မသွားပါနဲ့အုံးနော်။ ဒါပေမယ့်လည်း ကိုယ့်ရင်သားတစ်ဖက်က ရုတ်တရက်ကြီး ခွက်ဆိုဒ်ပြောင်းသွားတယ် ဒါမှမဟုတ် ထူသလိုမျိုးကြီး ခံစားရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်ဖို့ အကြံပြုချင်ပါတယ်။

အနီစက်တွေထွက်ခြင်း

ရင်သားမှာအနီစက်တွေထွက်လာတာက ပုံမှန်အားဖြင့် အသားအရေနီမြန်းခြင်း သို့မဟုတ် ယာယီအသားအရေပြဿနာတစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအနီစက်တွေက Inflammatory ရင်သားကင်ဆာရဲ့လက္ခဏာတွေထဲကတစ်ခုလည်းဖြစ်နိုင်တာမို့ စိတ်ချရအောင်လို့ ကိုယ့်ရင်သားကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ အနီစက်တွေတွေ့ပြီး ရင်သားကလည်း နာသလိုခံစားရတယ်ဆိုရင် အချိန်မဖြုန်းဘဲ ဆရာဝန်နဲ့သွားပြပါ။

Source: BrightSide

By MyStyle Myanmar