ဆောင်းလေအေးအေးက အနည်းနဲ့အများ အသားအရေကိုခြောက်သွေ့လာစေပါတယ်။ ဒီလိုရာသီရောက်တိုင်း ပုံမှန်ထက် နှုတ်ခမ်းသားခြောက်ကပ်ပြီး ကွဲအက်တတ်သူတွေအနေနဲ့ Lip Balm အပြင် သဘာဝနည်းလမ်းအချို့နဲ့လည်း ပြန်လည်ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက် ဒီတစ်ခေါက်မှာ လုပ်ရလွယ်ကူပြီး ဆောင်းရာသီကာလ နှုတ်ခမ်းကွဲခြောက်ခြင်းကို ထိထိရောက်ရောက်သက်သာစေမယ့် သဘာဝထိန်းသိမ်းနည်းတွေအကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အမြဲစိုပြေနေတဲ့နှုတ်ခမ်းသားလေးရဖို့အတွက် အောက်မှာဖော်ပြထားတဲ့နည်းလမ်းတွေနဲ့အတူ နေ့စဉ်အနည်းဆုံး ရေနှစ်လီတာခန့်သောက်သုံးပြီး ပေါ့ပေါ့ပါးပါးနဲ့ Watery ဖြစ်တဲ့ Cream အမျိုးအစားနှုတ်ခမ်းနီတွေကို အသုံးပြုပေးဖို့လည်း အကြံပြုချင်ပါတယ်နော်။

၁။ Petroleum Jelly လိမ်းပါ


Petroleum Jelly က နှုတ်ခမ်းသား ခြောက်သွေ့သွားခြင်းမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ သင့်ရဲ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားပေါ်ကို Lip Balm အရင်ဆိုးပေးပါ။ ပြီးနောက် အစိုဓာတ်အမြဲရနေစေဖို့ Petroleum Jelly အနည်းငယ်လိမ်းထားနိုင်ပါတယ်။

၂။ ရှားစောင်းလက်ပတ်အသုံးပြုပါ


ရှားစောင်းလက်ပတ်က နှုတ်ခမ်းကိုအစိုဓာတ်ဖြည့်ပေးနိုင်ပြီး ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ကွဲအက်နေတဲ့ နှုတ်ခမ်းသားကိုပြန်လည်သက်သာစေဖို့ ရှားစောင်းလက်ပတ် Gel တစ်မျိုးကို ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ လိမ်းပေးနိုင်ပါတယ်။

၃။ ပျားရည်အသုံးပြုပါ


ပျားရည်မှာ ဘက်တီးရီးယားတွေဖယ်ရှားပေးပြီး အနာကျက်စေတဲ့အာနိသင်ပါဝင်တာကြောင့် နှုတ်ခမ်းကွဲအက်ဒဏ်ရာတွေကိုသက်သာစေနိုင်ပါတယ်။ အသုံးပြုရမယ့်နည်းကတော့ လက်အသန့် ဒါမှမဟုတ် ဝါဂွမ်းစပေါ်မှာ ပျားရည်အနည်းငယ်စွတ်ပြီး နှုတ်ခမ်းပေါ်ခပ်ပါးပါးလိမ်းပေးပါ။ မိနစ် ၂၀ မှ ၃၀ အထိထားပြီးနောက် ပြန်လည်ရေဆေးချပေးနိုင်ပါတယ်။

၄။ အုန်းဆီအနည်းငယ်ပွတ်လိမ်းပါ


အုန်းဆီမှာလည်း ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အာနိသင်တွေပါဝင်ပြီး နှုတ်ခမ်းသားကို စိုစိုပြေပြေ ဖြစ်စေပါတယ်။ ဒါကြောင့် သင့်နှုတ်ခမ်းပေါ် အုန်းဆီသီးသန့် ဒါမှမဟုတ် သကြားနဲ့အုန်းဆီ ရောလိမ်းပြီး မလိုအပ်တဲ့ ဆဲလ်သေတွေကိုပုံမှန်ဖယ်ရှားပေးသင့်ပါတယ်။

၅။ သကြားနဲ့ Exfoliate လုပ်ပေးပါ


Sugar Lip Scrub တိုက်ခြင်းကလည်း သင့်နှုတ်ခမ်းကိုပြည့်ပြည့်ဖူးဖူးလေးဖြစ်စေပြီး နှုတ်ခမ်းသားကြမ်းတမ်းခြင်းနဲ့ ညိုမဲခြင်းတွေကိုသက်သာစေနိုင်ပါတယ်။ သကြားတစ်ဇွန်းကို ပျားရည် (သို့) အုန်းဆီတစ်ဇွန်းနဲ့ရောပြီး နှုတ်ခမ်းသားစိမ့်ဝင်တဲ့အထိ ပွတ်လိမ်းထားပေးပါ။ ပြီးနောက်ရေဆေးချပြီး Vaseline ဒါမှမဟုတ် အုန်းဆီတို့နဲ့ ပြန်လည်အစိုဓာတ်ထိန်းထားနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar