ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ အခုလို ဆောင်းတွင်းမှာအသားခြောက်တာတွေ အသားအရောင်ညစ်တာတွေကို သက်သာစေဖို့ သင့်မျက်နှာကို မကြာခဏပေါင်းတင်တာ၊ ကြေးချွတ်တာတွေ ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ ပေါင်းတင်ဖို့အတွက်အသုံးပြုတဲ့ Face Mask တွေကို သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့အပြင် သုံးရလွယ်ပြီး အသားအရေကိုလည်း ကြည်လင်တောက်ပစေပါတယ်။ သင်ကပန်းရနံ့လေးတွေကြိုက်နှစ်သက်တဲ့သူဆိုရင် အခုဆောင်းပါးမှာ ဖော်ပြပေးမယ့် သဘာဝပန်းတွေပါဝင်တဲ့ Face Mask တွေ စမ်းလုပ်ကြည့်ပါ။ သင့်ကို မျက်နှာအသားအရေအပြင် စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းစေဖို့ ကူညီပေးပါလိမ့်မယ်။

၁။ နှင်းဆီနဲ့ ပျားရည်


နှင်းဆီက အသားအရေကိုနူးညံ့ချောမွေ့ပြီး ပန်းနုရောင် သဘာ၀ Glow အာနိသင်ရစေတဲ့ ပန်းတစ်မျိုးဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ သဘာဝအဆီဓာတ်တွေက အသားအရေကိုအစိုဓာတ်ရစေပြီး အသားနီမြန်းခြင်းတွေကိုပါ သက်သာစေပါတယ်။ Sensitive ဖြစ်တဲ့အသားအရေအတွက်ပါအသုံးပြုနိုင်ပြီး ပြုလုပ်ရမယ့်နည်းကတော့ နေလှန်းထားတဲ့ နှင်းဆီပွင့်ဖတ်ခြောက်တွေကိုအမှုန့်ရတဲ့ထိကြိတ်ပြီး သဘာဝပျားရည်အနည်းငယ်နဲ့ရောပေးပါ။ နှံ့နေအောင်မွှေပြီးနောက် ရလာတဲ့အရည်ကို သင့်မျက်နှာနဲ့ လည်ပင်းတွေမှာလိမ်းပြီး ၁၅ မိနစ်ခန့် ပေါင်းတင်ပေးနိုင်ပါတယ်။

၂။ ခေါင်ရမ်းပန်း၊ ပျားရည်နဲ့ ရှားစောင်းလက်ပတ်


ဒီနည်းလမ်းက အသားခြောက်ပြီးအရောင်ညစ်တာတွေကို ထိထိရောက်ရောက်သက်သာစေတာကြောင့် ဆောင်းတွင်းအတွက် အရမ်းသင့်တော်ပါတယ်။ ခေါင်းရမ်းပန်းမှာ ဆဲလ်သေနဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အာနိသင်တွေပါဝင်တဲ့အပြင် အသားအရေကြည်လင်စေတဲ့ ဗီတာမင်စီဓာတ်လည်း ပါဝင်ပါတယ်။ ပျားရည်နဲ့ ရှားစောင်းလက်ပတ်ကလည်း အသားအရေကို အစိုဓာတ်လုံလောက်အောင် ပေးနိုင်တဲ့သဘာဝပစ္စည်းတွေဖြစ်တာကြောင့် ပျားရည်တစ်ဇွန်း၊ ရှားစောင်းလက်ပတ်ဇွန်းတစ်ဝက်ကို ခေါင်ရမ်းပန်းပွင့်ဖတ်အနည်းငယ် ဒါမှမဟုတ် ကြိတ်ထားပြီးသားပန်းအမှုန့်နဲ့ရောမွှေပေးထားပါ။ အသုံးမပြုခင် အရင်ဆုံး မျက်နှာကို ငါးမိနစ်ခန့် ရေနွေးငွေ့ခံပြီး ချွေးပေါက်တွေဖွင့်ပေးရပါမယ်။ ပြီးနောက်မှာ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပေးပြီး မိနစ် (၂၀) ခန့်ထားပြီး ရေနဲ့ဆေးချပေးပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါပြုလုပ်နိုင်ပါတယ်။

၃။ စံပယ်ပွင့်နဲ့ Yogurt


စံပယ်ပန်းနဲ့ပြုလုပ်တဲ့ Face Mask တွေက Dry Skin ရှိတဲ့သူတွေသုံးဖို့သင့်တော်ပြီး အရေပြားအတွင်းပိုင်းအထိ အစိုဓာတ်ရစေပါတယ်။ စံပယ်ပွင့်ဖတ်အနည်းငယ်ကိုကြိတ်ပေးပြီး Yogurt လေးဇွန်း၊ သကြားတစ်ဇွန်းတို့နဲ့ သမအောင်မွှေပေးပါ။ ရလာတဲ့အနှစ်ကို လိမ်းပြီး ၁၅ မိနစ်လောက်ထားကာ ပေါင်းတင်ထားနိုင်ပါတယ်။ သူ့ရဲ့အနံ့ကသင့်ကိုလန်းဆန်းစေပြီး မျက်နှာအသားအရေကိုလည်း အချိန်တိုအတွင်း Glow လာစေဖို့ကူညီပေးမှာပါ။

၄။ စန္ဒကူးပန်းနဲ့ နှင်းဆီပေါင်းခံရည်


အသားအရောင်ညစ်တဲ့သူတွေအတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီး အဆီပြန်တဲ့သူတွေပါ အသုံးပြုနိုင်ပါတယ်။ စန္ဒကူးပန်းနဲ့ နှင်းဆီရောထားတဲ့ဒီ Mask က အသားအရေကြည်လင်ပြီး Glow စဖို့ကူညီပေးပါလိမ့်မယ်။ အရင်ဆုံး အမှုန့်ကြိတ်ထားတဲ့ စန္ဒကူးပန်းနှစ်ဇွန်းကို ပျားရည်တစ်ဇွန်းနဲ့ရောထားပေးပါ။ နှင်းဆီပွင်ဖတ်တွေကို ရေနွေးနဲ့ပြုတ်ပေးပြီး ရလာတဲ့အရည်ကို အပေါ်ကရောထားနဲ့အနှစ်နဲ့ပေါင်းပြီး မျက်နှာအနှံ့လိမ်းပေးနိုင်ပါတယ်။ မိနစ် (၂၀) လောက်ထားပြီးနောက် ရေအေးနဲ့ဆေးချပေးပါ။

၅။ ကြာပန်းနဲ့ ဗာဒံဆီ

Photo Source: Castro Marina

ကြာပန်းပွင့်ဖတ်အနည်းငယ်ကို ခပ်သေးသေးလှီးပြီး ကြိတ်ပေးပါ။ ရလာတဲ့အနှစ်ကို နို့ိစိမ်း ၅ ဇွန်း၊ ဗာဒံဆီအနည်းငယ်တို့နဲ့ ရောမွှေပေးရပါမယ်။ သင့်မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ခန့်ပေါင်းတင်ပြီးနောက် ရေအေးနဲ့ဆေးချပေးပါ။ အရေပြားပေါ်က အမဲစက်နဲ့အရေးအကြောင်းတွေကိုသက်သာစေပြီး အစိုဓာတ်ပြည့်စေဖို့ ကူညီပေးပါလိမ့်မယ်။