အဆီအဆိမ့်တွေ များတဲ့အစားအစာတွေကို တဝကြီး စားပြီးမှ ဗိုက်မှာ အဆီစုလာပြီး ဗိုက်ပူကြီးဖြစ်လာလို့ စိတ်ညစ်နေကြပြီလား။ ဒီလိုဆိုရင်တော့ လေ့ကျင့်ခန်းလေးတွေ ပြန်လုပ်ပေးဖို့ လိုနေပြီနော်။ လေ့ကျင့်ခန်းလုပ်ရပြီဆိုကတည်းက အနည်းနဲ့ အများတော့ မောပန်းပါလိမ့်မယ်။ ဒါပေမဲ့လည်း ဒါက လုပ်နေစဉ်အတွင်းပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီးသွားပြီဆိုရင်တော့ လူက လန်းဆန်းပေါ့ပါးသွားမှာပဲဖြစ်ပါတယ်။

ဗိုက်ချပ်ချပ်ရပ်ရပ်လေးနဲ့ လှချင်တာဆိုရင်တော့ လေ့ကျင့်ခန်းပြုလုပ်နေတဲ့အတောအတွင်း နည်းနည်းပါးပါးလောက်တော့ အပင်ပန်းခံလိုက်ရအောင်နော်။ ဒါမှ ဝမ်းဗိုက်က အဆီတွေ ကျသွားမှာမဟုတ်လား။

လေ့ကျင့်ခန်း (၁)

အရင်ဦးဆုံး ဒူးနှစ်ဖက်ထောက်ထားပါ (ဒူးနာတယ်ဆိုရင် ဒူးအောက်မှာ ကူရှင်လေး ခံထားပေးပါ)။ ခါးမတ်မတ်ထားပြီး ဗိုက်ချပ်ထားပါ။ ထို့နောက် ဘယ်ဒူးကို ပုံပါအတိုင်း ဘေးဘက်သို့ ဆန့်တန်းလိုက်ပါ။ ဘယ်လက်ကို ဘယ်ဒူးပေါ် တင်ထားပြီး ညာလက်ကို အပေါ်သို့ ဆန့်တန်းလိုက်ပါ။ ပြီးတာနဲ့ ခါးကို ညာဘက်သို့ စောင်းချလိုက်ပါ။ ဆန့်တန်းထားတဲ့လက်နဲ့ ကြမ်းပြင်နဲ့က မျဉ်းပြိုင်ပုံသဏ္ဍာန် ဖြစ်နေရပါမယ်။ မူလအနေအထားအတိုင်းပြန်နေပါ။ ၁၅ ကြိမ် ပြုလုပ်ပါ။ ၁၅ ကြိမ် ပြည့်တာနဲ့ အခြားတစ်ဖက် ပြောင်းလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

ပုံပါအတိုင်း ဘေးတစောင်း Plank ထောက်ထားပါ။ ဝမ်းဗိုက်ကိုလည်း ချပ်ထားလိုက်ပါ။ ထို့နောက် တင်ပါးကို ကြမ်းပြင်နဲ့ ထိကပ်အောင် နိမ့်ချလိုက်ပြီးနောက် မူလအနေအထားအတိုင်း ပြန်နေပါ။ ၁၀ ကြိမ် ပြုလုပ်ပေးပါ။ ၁၀ ကြိမ် ပြည့်ပါက အခြားတစ်ဖက် ပြောင်းလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

ဒီလေ့ကျင့်ခန်းကတော့ Plank ထောက်ထားတာကိုမှ တင်ပါးကို ဘယ်ညာလှုပ်ခါပေးရမှာပဲဖြစ်ပါတယ်။ အရင်ဦးဆုံး Plank ထောက်ထားပါ။ ထို့နောက် တင်ပါးကို ဘယ်ဘက်သို့စောင်းလိုက်ပြီး ကြမ်းပြင်နဲ့ ထိကပ်လိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ တင်ပါးကို ညာဘက်သို့ စောင်းလိုက်ပြီး ကြမ်းပြင်နဲ့ ထိကပ်ပေးလိုက်ပါ။ အကြိမ် ၂၀ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

အရင်ဦးဆုံး ဒူးထောင်ထားပြီး လှဲလျောင်းနေပါ။ ထို့နောက် ပုခုံးကနေ ဒူးခေါင်းအထိ မျဉ်းဖြောင့်ပုံသဏ္ဍာန် ဖြစ်သွားတဲ့အထိ တင်ပါးကို မြှောက်လိုက်ပါ။ လက်နှစ်ဖက်ကို ပုံပါအတိုင်း ဆုပ်ထားလိုက်ပါ။ ထို့နောက် တင်ပါးကို ဘယ်ညာတစ်လှည့်စီ လှိုင်းလုံးပုံသဏ္ဍာန် ရွှေ့လျားပေးလိုက်ပါ။ ဘယ်ညာ ၁၅ ကြိမ် ပြည့်ပြီဆိုမှ မူလအနေအထားအတိုင်း ပြန်နေပါ။

လေ့ကျင့်ခန်း (၅)

အရင်ဦးဆုံး ဒူးကွေးထားပြီး ခါးမတ်မတ်ထားကာ ထိုင်နေလိုက်ပါ။ လက်နှစ်ဖက်က အလေးတုံး ကိုင်ထားလိုက်ပါ။ ခန္ဓာကိုယ်ကို အနောက်သို့ အနည်းငယ် စောင်းလိုက်ပါ။ ထို့နောက် အလေးတုံးကို ဘယ်ညာ တစ်လှည့်စီစောင်းပေးရပါမယ်။ အလေးတုံး စောင်းလိုက်တိုင်း ခါးကလည်း စောင်းပေးရပါမယ်။ ဘယ်ညာ စုစုပေါင်း အကြိမ် (၂၀) စီ လှည့်ပေးရပါမယ်။

Source: stylecraze.com