တစ်နေ့တစ်နေ့ ဗိုက်ပူလာလို့ နေရထိုင်ရတာ သက်တောင့်သက်သာမရှိဘဲ စိတ်ရှုပ်နေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ သင်တစ်ယောက်ထဲမဟုတ်ပါဘူးနော်။ တစ်ခုခုစားပြီးတိုင်း ဗိုက်ပူ၊ ဗိုက်ခေါက်ထွက်လာတာက တော်တော်များများကြုံရတဲ့ ပြဿနာဖြစ်ပြီး များသောအားဖြင့် အစာမကြေတာ၊ လေဖောင်းတာနဲ့ အထိုင်များတာတွေကြောင့် အဖြစ်များပါတယ်။ ဒီလိုဗိုက်အဆီစုလာတဲ့အခါ အစားလျှော့စားတာအပြင် ယောဂလေ့ကျင့်ခန်းတွေကတစ်ဆင့်လည်း ဗိုက်ပြန်ချပ်အောင်ပြုလုပ်လို့ရပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာ အခုမှယောဂစလုပ်မယ့် Beginner တွေအတွက်ပါ အဆင်ပြေပြီး ထိထိရောက်ရောက် ဗိုက်ချပ်စေမယ့် ယောဂလေ့ကျင့်ခန်းအချို့ကို မျှဝေပေးလိုက်ရပါတယ်။

၁။ Wind-Relieving Pose

ပထမဆုံး ကြမ်းပြင်မှာလှဲချပါ။ ပြီးနောက် လက်နဲ့ ဒူးနှစ်ဖက်ပူးကိုင်ကာ မေးစေ့နားရောက်တဲ့အထိ ကွေးလိုက်ချလိုက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီပုံစံအတိုင်း စက္ကန့် ၂၀ ကနေ ၁ မိနစ်အထိ ကိုယ်ခံနိုင်ရည်ရှိသလောက် ပြုလုပ်ပေးနိုင်ပါတယ်။ ဝမ်းဗိုက်၊ တင်ပါးနဲ့ ပေါင်မှာရှိတဲ့ ကြွက်သားတွေပြေလျှော့ပြီး ဗိုက်လေဖောင်းခြင်းကို သက်သာစေပါလိမ့်မယ်။

၂။ Seated Forward Bend

Photo Source: Z Living

အစာခြေစနစ်လည်ပတ်မှုအားကောင်းစေတဲ့ အကြောလျှော့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး ပုံထဲကအတိုင်း ခြေထောက်ဆန့်၊ ခါးမတ်ပြီး ဒူးမကွေးစေဘဲ ခန္ဓာကိုယ်အပေါ်ပိုင်းကို ရှေ့ဆန့်ပြီး ဒူးနားရောက်တဲ့အထိ ခေါင်းငုံ့ပေးရမှာဖြစ်ပါတယ်။ ဒီပုံစံအတိုင်း ၁ မိနစ်ကနေ ၂မိနစ်ခန့်အထိ တတ်နိုင်သလောက် တောင့်ထားပြီး ပြုလုပ်ပေးပါ။

၃။ Two-Knee Spinal Twist Pose

နောက်ထပ်လုပ်ပေးသင့်တဲ့ ယောဂ Pose ကတော့ ကြမ်းပြင်မှာလှဲချပြီး ဒူးနှစ်ဖက်ပူးကာ ၉၀ ဒီဂရီပုံစံ အပေါ်မြှောက်ပြီး ဟိုဘက်ဒီဘက် လှည့်ပေးရမှာဖြစ်ပါတယ်။ လက်တွေကားထားပြီး သင့်မျက်နှာကိုတော့ ခြေထောက်နဲ့ပြောင်းပြန် ဆန့်ကျင့်ဘက် တစ်ဖက်ဆီလှည့်ပေးရမှာပါ။ ဒါကိုတော့ စက္ကန့် ၃၀ ခန့်ပြုလုပ်ပေးဖို့လိုပါတယ်။

၄။ Cobra Pose

ဒီလုပ်ရလွယ်တဲ့ Cobra Pose ကလည်း ဝမ်းဗိုက်ကြွက်သားတွေကိုတင်းရင်းပြီး ချပ်ရပ်လာစေပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တွေကို မှောက်လျက်အနေအထားနဲ့ အနောက်ဘက်ဆန့်ထုတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မော့ကြည့်ပေးရမှာပါ။ ဒီ Pose ကိုတော့ ၂၅ စက္ကန့် မှ ၃၀ စက္ကန့်အထိပြုလုပ်ပေးပါ။

၅။ Child’s Pose

Child’s Pose က ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုကောင်းပြီး ဝမ်းမှန်စေပါတယ်။ လုပ်ရမယ့်ပုံစံကတော့ ဒူးထောက်ပြီး လက်တွေရှေ့ဆန့်ထုတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်နဲ့ထိတဲ့အထိ အောက်ငုံ့လိုက် ပြန် မ တင်လိုက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီ Pose ကိုလည်း တစ်မိနစ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar