ခေါင်းခဏခဏလျှော်တာက ကျန်းမာရေးအတွက် မကောင်းသလို ဆံသားအတွက်လည်း မကောင်းပါဘူး။ တစ်ပတ်ကို တစ်ကြိမ် (သို့) ၅ ရက် တစ်ကြိမ် (သို့) ၄ ရက် တစ်ကြိမ် လျှော်ရုံနဲ့တင် လုံလောက်နေပါပြီ။ အဲ့ထက်ပိုပြီး ခဏခဏလျှော်နေမယ်ဆိုရင်တော့ သင့်ဆံသားအတွက် ဒီလိုဆိုးကျိုး ၅ ခု ဖြစ်လာနိုင်ပါတယ်။

ဆံပင်ကျွတ်လာခြင်း

ခေါင်းခဏခဏလျှော်တဲ့အခါမှာ ဆံပင်တွေကျွတ်ပြီး ဆံပင်ပါးလာပါမယ်။ ဒါက အဖြစ်အများဆုံးပါ။ ဆံပင်သန်ချင်တယ်၊ ဆံပင်အရှည်မြန်ချင်တယ်၊ ဆံပင်ထူချင်တယ်ဆိုရင်တော့ ခေါင်းခဏခဏလျှော်တာကို ဆင်ခြင်ဖို့လိုပါတယ်။

ဆံပင်နှစ်ခွဖြစ်ခြင်း

ခေါင်းခဏခဏလျှော်ရင် ဆံသားအတွက်ရှိသင့်တဲ့ အဆီတွေဆုံးရှုံးပြီး ဆံသားခြောက်သွေ့ပျက်စီးတာ၊ ဆံပင်တွေပြတ်ထွက်တာ၊ နှစ်ခွဖြစ်တာ၊ ဆံပင်အဖျားတွေ ပျက်စီးတာမျိုး အရမ်းဖြစ်လွယ်ပါတယ်။

ပုံမှန်ထက်ပိုပြီးဆံပင်အဆီပြန်သလိုဖြစ်ခြင်း

ခေါင်းခဏခဏလျှော်တာက ဦးရေပြားခြောက်သွေ့တယ်ဆိုပေမယ့် ဆံပင်အဆီအရမ်းပြန်တာမျိုး ဖြစ်စေပါတယ်။ ဆံပင်တွေစေးကပ်နေလို့ ခေါင်းခဏခဏလျှော်လိုက်၊ ဆံပင်တွေက ပိုအဆီပြန်လာလိုက်နဲ့ သံသရာလည်နေမှာပါ။ ဒါကြောင့် ခေါင်းခဏခဏလျှော်တာက ပုံမှန်ထက်ပိုပြီး ဆံပင်အဆီပြန်သလိုဖြစ်စေပါတယ်။

ဆံသားတောက်ပြောင်မှုမရှိခြင်း

ခေါင်းခဏခဏလျှော်တော့ ဆံသားအတွက်ရှိသင့်တဲ့ Moisture တွေလည်း မရှိတော့တဲ့အတွက် ဆံသားခြောက်သွေ့ပြီး တောက်ပြောင်မှုမရှိတော့ပါဘူး။ ဆံကေသာ အရောင်လွင့်သလိုမျိုး ဖြစ်စေပါတယ်။

ဆံပင်ဖွာပြီးရှုပ်ထွေးလွယ်ခြင်း

ခေါင်းခဏခဏလျှော်ရင် သေချာပေါက် ဖြစ်လာမှာကတော့ အပေါ်မှာပြောခဲ့သလိုပဲ ဆံသားခြောက်သွေ့ ပျက်စီးလာတဲ့အတွက် ဆံပင်တွေဖွာပြီး ရှုပ်ထွေးလာမယ်၊ ငြိလွယ်မယ်၊ ဆံပင်ရှင်းရတာလည်း ခက်ပါတယ်။ Hair Oil တွေသုံးလည်း ခဏပဲ ဖွာပြီးရှုပ်ထွေးနေတာမျိုးတွေက ပြန်ဖြစ်တာပါပဲ။ ဒါကြောင့် ခေါင်းခဏခဏ မလျှော်တာ အကောင်းဆုံးပါပဲ။