အသက်အရွယ်ရလာတဲ့အခါ အသားအရေနဲ့ဆံသားကလည်း တဖြည်းဖြည်း ပြောင်းလဲလာမှာပါ။ အမျိုးသမီးတွေမှာဆိုရင် အသက် ၄၀ ကျော်အရွယ်လောက်ကစပြီး ဆံသားအရောင်မွဲတာနဲ့ ကြမ်းတမ်းခြောက်သွေ့လွယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဆံသားတွင်းသဘာဝအဆီအနှစ် ဆုံးရှုံးတာကို တားဆီးနိုင်ဖို့ မှန်ကန်တဲ့ထိန်းသိမ်းနည်းတွေ ပုံမှန်လုပ်ပေးနိုင်ဖို့ အရေးအကြီးဆုံးပါပဲ။
ဒီတစ်ခေါက်မှာ အရွယ်တစ်ခုရောက်တဲ့အထိ ဆံသားခြောက်သွေ့ခြင်းကို ကာကွယ်နိုင်ဖို့ ထိရောက်တဲ့ ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆံသားအစိုဓာတ်ပေးပါ


အသက်ကြီးလာတာနဲ့အမျှ ဆံသားတွင်းအဆီနဲ့အစိုဓာတ်တွေ တဖြည်းဖြည်းဆုံးရှုံးလာပြီဖြစ်လို့ ဆံသားကို ပုံမှန်ထက် အစိုဓာတ်ဖြည့်ပေးဖို့လိုလာပါပြီ။ ရေများများသောက်ပြီး အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ပေါင်းဆေး၊ Shampoo တွေသုံးပေးပါ။

၂။ Hair Serum သုံးပေးပါ။


အဆီနဲ့ Collagen အလိုအလျောက်ထုတ်လုပ်မှုလျော့နည်းလာတဲ့ အရွယ်ဖြစ်တာမို့ Hair Serum ပုံမှန်လိမ်းပြီး အားဖြည့်ပေးဖို့ မမေ့ပါနဲ့။ Serum (သို့) Hair Oil ကောင်းကောင်းတစ်မျိုးလိမ်းတာက ခြောက်သွေ့ပြီးဖွာနေတဲ့ဆံသားကို အားဖြည့်ပေးတာကြောင့် ဆံသားကို ပြန်လည်တောက်ပြောင်စေမှာပါ။

၃။ ဆံသားအာဟာရဖြည့်တဲ့ အစားအသောက်တွေမှီဝဲပါ


ဦးရေပြားနဲ့ ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေရဖို့ အစားအသောက်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ပရိုတင်း၊ မဂ္ဂနီဆီယမ်၊ Zinc နဲ့ ဗီတာမင်ဓာတ်တွေကြွယ်ဝတဲ့ အစားအစာတွေ ရွေးချယ်စားသုံးပေးပါ။ ဆံပင်သန်စေပြီး ဆံပင်ဖြူထွက်တာကိုပါ လျှော့ချပေးပါလိမ့်မယ်။

၄။ အပူများတဲ့ Hair Treatment တွေလျှော့ပါ


Chemical များတဲ့ဆေးတွေ၊ စက်အပူတွေနဲ့ ထိတွေ့မှုများရင် ဆံပင်တွေဖွာပြီး ကြမ်းခြောက်ခြောက်ဖြစ်လာမှာပါ။ ဆံသားပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်ဖို့ အပူနဲ့ထိတွေ့တာကို တတ်နိုင်သလောက် ရှောင်ဖို့လိုပါတယ်။ ခေါင်းလျှော်ပြီး Dryer မှုတ်တဲ့အခါမှာလည်း အပူလျှော့သုံးပေးပါ။

၅။ နေရောင်မထိအောင် ကာကွယ်ပါ


အကာအကွယ်မပါဘဲ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာက ဆံသားကို လွယ်လွယ်နဲ့ ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါကြောင့်မို့ အပြင်သွားတဲ့အခါ ဦးထုပ်၊ ထီးစတာတွေဆောင်ထားပြီး ဦးရေပြားနဲ့ဆံသားကို နေမလောင်အောင် ကာကွယ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar