သင်က ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိချင်တယ်ဆိုရင်တော့ လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတဲ့ မိန်းကလေး တစ်ယောက်က အခြားသူတွေထက် လုပ်ဆောင်မှု ပိုကောင်းပြီး ပိုအောင်မြင်နိုင်ချေ ရှိပါတယ်။ ပျော်ရွှင်ဖို့အတွက် လိုအပ်တဲ့ အချက်တွေထဲမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိခြင်းလည်း ပါဝင်နေပါတယ်။ အောက်ဖော်ပြပါ စကားလုံးတွေကို နေ့စဉ် ပြောပေးသင့်ပါတယ်။ ကိုယ့်ကိုကိုယ် အပြု သဘောနဲ့ တွေးပေးတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ယုံကြည်မှု ပိုတိုးလာပါလိမ့်မယ်။ အတည်ပြုချက်တွေက ဘာတွေလဲ ကြည့်လိုက်ရအောင်နော်-
၁။ ငါက ငါဆန္ဒရှိတဲ့ ပုံစံအတိုင်း ပြောင်းလဲလာပြီ
သင်က ခန္ဓာကိုယ် လှတဲ့ လူတစ်ယောက် ဖြစ်ချင်တာလား၊ ဒါမှမဟုတ် စတိုင်ကျပြီး အောင်မြင်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ချင်တာလား။ စသဖြင့် ကိုယ့် လိုအင်ဆန္ဒအလိုက် ဒီဖြစ်ချင်တဲ့ အရာကို ဖြစ်မြောက်နေပြီလို့ ယုံကြည်ပေးရပါမယ်။ ဥပမာ ကိုယ်အလေးချိန် ကျချင်တယ်ဆိုရင် “ငါက ကိုယ်အလေးချိန်ကျပြီး လှတဲ့ မိန်းကလေးတစ်ယောက်” လို့ ပြောပေးသင့်ပါတယ်။
၂။ ငါက လိုတာထက် ပိုပြည့်စုံနေပြီ
ငါက လှတာထက် ပိုလှတယ်၊ တော်တာထက် ပိုတော်တယ် စသဖြင့် ကိုယ်က တော်ပြီးသား ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် အတည်ပြုသင့်ပါတယ်။
၃။ ငါ့အိပ်မက်တွေအတိုင်း ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းနေတယ်
ကိုယ့် ပန်းတိုင်တွေက ဘာတွေလဲ။ ဒီပန်းတိုင်တွေ အတိုင်း ယုံကြည်မှုရှိရှိ လျှောက်လှမ်းနေတဲ့ အကြောင်း ကိုယ့်ကိုကိုယ် အတည်ပြု ပြောဆိုသင့်ပါတယ်။
၄။ ငါ့ကိုယ်ငါ သက်တောင့် သက်သာရှိတယ်
ငါက ငါ့ကိုယ်ငါနဲ့ ပတ်သက်ပြီး ယုံကြည်မှုအပြည့်နဲ့ သက်တောင့်သက်သာ အဆင်ပြေပြေရှိကြောင်း အတည်ပြုပေးသင့်ပါတယ်။ ကိုယ့်ကိုကိုယ် ချစ်ခင်မှုအပြည့်၊ လေးစားမှု အပြည့်နဲ့ တန်ဖိုးထားကြောင်း အတည်ပြုပေးရပါမယ်။
၅။ ငါက ရဲရင့်တယ်
ငါက အလုပ်တစ်ခုကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်နိုင်ကြောင်း အတည်ပြုစကား ဆိုရပါမယ်။ ငါက သတ္တိရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် အတည်ပြုပေးသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar