စုံတွဲတွေကြားမှာ ဘယ်လောက်ပဲချစ်ချစ် တစ်ယောက်နဲ့တစ်ယောက် respect ထားပြီး မပြောသင့်တဲ့စကားတွေ ရှိပါတယ်။

Body shaming

အဆိုးဆုံးကတော့ body shaming လုပ်တာပါပဲ။ အစထဲက ဒီပုံစံကိုမကြိုက်ရင် မတွဲပါနဲ့။ ကိုယ်ချစ်လို့တွဲပြီးတော့မှ အရမ်းဝနေတယ်၊ အသားမဲနေတယ်၊ ပိန်လိုက်တာ စသဖြင့် ကိုယ့်ချစ်သူရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး body shaming လုပ်တာမျိုးတွေ လုံးဝမပြောမိပါစေနဲ့။ ကောင်းစေချင်လို့၊ လှစေချင်လို့ပြောတယဆိုရင်တောင်မှ ခဏခဏ ဒါကိုပဲပြောနေတာမျိုးဆိုရင် တစ်ဖက်လူစိတ်ထဲ အားငယ်ဝမ်းနည်းတာမျိုးတွေ ဖြစ်သွားပါလိမ့်မယ်။

အားနည်းချက်

ကိုယ့်ချစ်သူရဲ့အားနည်းချက်ကို သိထားရင် စနောက်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ရန်ဖြစ်စကားများကြရင်တောင်မှ အားနည်းချက်ကို ထုတ်ပြောတာမျိုးတွေ၊ ခနဲ့တာမျိုးတွေ လုံးဝမလုပ်မိပါစေနဲ့။

မိသားစုကိစ္စ

မိသားစုကိစ္စတွေနဲ့ပတ်သက်ပြီး ဝင်မပါပါနဲ့။ ဝင်ရောက်စွက်ဖက်တာမျိုးတွေ မလုပ်ပါနဲ့။ မိသားစုနဲ့ပတ်သက်ပြီး လိုက်နှိုင်းယှဉ်တာမျိုးတွေလည်း မပြောသင့်ပါဘူး။ မိသားစုထက် ကိုယ့်ကိုပိုအရေးပေးတာ၊ ပိုဂရုစိုက်တာ၊ ပိုချစ်တာ လိုချင်လို့ လိုက်ယှဉ်ပြောတာမျိုးတွေလည်း မလုပ်သင့်ပါဘူး။

အပေါင်းအသင်း

အပေါင်းအသင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ လိုတာထက်ပိုမပြောပါနဲ့။ ကိုယ်သဘောမကျတာနဲ့ပဲ ဟိုလူနဲ့မပေါင်းနဲ့၊ ဒီလူနဲ့မပေါင်းနဲ့၊ ဘယ်အပေါင်းအသင်းနဲ့မှ အပြင်မသွားနဲ့ဆိုပြီး လိုက်ချုပ်ချယ်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ကြာလာရင် မွန်းကြပ်ပြီး ထွက်သွားပါလိမ့်မယ်။ လူတိုင်းမှာ အပေါင်းအသင်း သူငယ်ချင်းဆိုတာ ရှိတာပါပဲ။ မကောင်းတဲ့သူနဲ့ မပေါင်းခိုင်းတာမျိုးလောက်ပဲ ပြောသင့်ပါတယ်။ နေရာတကာလိုက်ပြောနေရင်လည်း နားလည်မှုမရှိဘူး၊ ချုပ်ချယ်လွန်းတယ်ဆိုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။