သူများအပေါ်မှာစိတ်တိုင်းမကျတာတွေ အလိုမကျတာတွေကတော့ ဖြစ်တတ်တာသဘာဝပါပဲ။ ကိုယ့်ကိုယ်ကိုတောင် တစ်ခါတစ်လေမှာ စိတ်တိုင်းမကျတာမျိုးက ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆန္ဒချင်းမတူတော့ အတင်းလုပ်ယူလို့လည်းမရပါဘူး။ အရှိကိုအရှိတိုင်းလက်ခံနိုင်ဖို့ပဲလိုပါတယ်။

ဒါကြောင့် သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို စိတ်တိုင်းမကျဖြစ်မိတိုင်းမှာ ပြန်တွေးသင့်တဲ့အချက် (၄) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

မျှော်လင့်ချက်အရမ်းမထားပါနဲ့။

သူများအပေါ်မှာ ဖြစ်စေချင်တာတွေများလာတဲ့အခါ တစ်ဖက်လူရဲ့စိတ်ဆန္ဒကိုမကြည့်တော့ပဲ ကိုယ်ဖြစ်ချင်တာတွေကိုပဲ ဦးစားပေးတတ်လာပါတယ်။ မဖြစ်လာတဲ့အခါမှာတော့ စိတ်တိုင်းမကျတာတွေက ဖြစ်လာတာပါပဲ။ လူတစ်ဖက်သားရဲ့ဘက်ကိုလည်း စဉ်းစားပေးပြီး သူဘာဖြစ်ချင်လဲဆိုတာကိုသာတွေးပေးလိုက်ရင် အချိန်တန်လာတဲ့အခါ ကိုယ်ဖြစ်ချင်တာတွေလည်း စိတ်တိုင်းကျဖြစ်လာမှာပါ။

ချစ်သူရည်းစားထားတဲ့အခါမှာလည်း ကိုယ်ဖြစ်ချင်တာတွေကိုပဲရှေ့တန်းတင်ပြီး ဖြစ်မလာခဲ့ရင် စိတ်တိုင်းမကျတာ၊ စိတ်အလိုမကျဖြစ်တာတွေ ဖြစ်လာပါတယ်။

မဖြစ်နိုင်တာကို အတင်းလုပ်မယူပါနဲ့။

လူတစ်ယောက်နဲ့တစ်ယောက်က ပုံစံချင်းလည်းမတူသလို၊ ဝါသနာချင်းလည်းမတူပါဘူး။ စိတ်ချင်းလည်းမတူကြသလို၊ အမြင်ချင်းလည်းမတူပါဘူး။ ပါးစပ်ချင်းတူတာတောင် ပြောဆိုပုံချင်းကမတူပါဘူး။ ဦးနှောက်ရှိတာချင်းအတူတူတောင် တွေးခေါ်ပုံချင်းကကွာပါတယ်။ ဒီလိုပဲလူချင်းတူနေပေမယ့် စိတ်ထားချင်းကတော့ ကွာပါတယ်။

ဒီလိုမတူညီတာတွေကို အတင်းလုပ်ယူနေပြီး မရလာခဲ့ရင် သူ့အလွန်မဟုတ်ပဲ ကိုယ့်အလွန်ဖြစ်သွားမှာပါ။ ကိုယ်တိုင်က မဖြစ်နိုင်တာတွေကို အတင်းလုပ်ယူနေတာကိုး။

သူကကိုယ်မဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့။

ကိုယ်ကသူ့အပေါ်စေတနာထားပေမယ့် သူကတော့ပြန်မထားဘူး၊ ငါသူ့ကိုချစ်ပေမယ့် သူကတော့ငါ့ကိုပြန်မချစ်ဘူးဆိုပြီး တွေးမနေပါပဲ။ သူကကိုယ်မှမဟုတ်တာ။ ကိုယ်ထားတဲ့အတိုင်း ဘယ်ပြန်ထားနိုင်ပါ့မလဲ။

သူကိုယ့်အပေါ်ကောင်းသည်ဖြစ်စေ၊ မကောင်းဘူးဖြစ်စေ သူ့စေတနာသူအကျိုးပေးပါလိမ့်မယ်။ ကိုယ့်အနေနဲ့ကလည်း လူတိုင်းအပေါ်မေတ္တာထားပေးလိုက်ရင် စေတနာအကျိုးပေးကိုခံစားရမှာပါ။

အတ္တစိတ်ကိုဖယ်လိုက်ပါ။

ကိုယ့်အနေနဲ့ အပေါ်ကအချက်တွေကို မတွေးမိပဲ ကိုယ်ဖြစ်ချင်တာတွေကို ဦးစားပေးနေမယ်ဆိုရင် ဘဝမှာစိတ်တိုင်းမကျတာတွေက အများကြီးကိုဖြစ်နေမှာပါ။ စိတ်တိုင်းမကျတာတွေများလာလေ ဘဝမှာပျော်ရွှင်ဖို့က နည်းလာလေပါပဲ။

ဒါကြောင့် ငါပြောတာကိုလိုက်နာ၊ ငါပြောတာကိုနားထောင်၊ ငါပြောတဲ့အတိုင်းပဲလုပ်၊ ငါနေခိုင်းတဲ့အတိုင်းပဲနေဆိုတဲ့ အတ္တစိတ်တွေကိုဖယ်ပြီး မေတ္တာထားကြည့်ပါ။ စိတ်ချမ်းသာရာကိုရပါလိမ့်မယ်။

Photo Source: www.pexels.com