ကောင်လေးတစ်ယောက်က ကိုယ်မှ ကိုယ်ပဲ ဖြစ်နေစေဖို့ ဘာတွေလုပ်နိုင်မလဲ။ ဒီမေးခွန်းကိုတော့ သဘောကျသူ တစ်ဦး ပိုင်ဆိုင်ထားတဲ့ ပျိုမေတိုင်း သိချင်ကြပါတယ်။ သူကိုယ့်ကို ပိုချစ်လာဖို့ ကိုယ့်ဘက်က အပြည့်အဝ ဂရုစိုက်ပေးမယ်၊ အနစ်နာ ခံပေးမယ်ဆိုတဲ့ အရာတွေနဲ့ မလုံလောက်သေးပါဘူး။ သူ့ရဲ့ စိတ်အတွင်းထဲထိ ထိုးဖောက်နိုင်ဖို့ နည်းဗျူဟာတွေ လိုအပ်ပါသေးတယ်။ အခုဖော်ပြထားတဲ့ အချက်တွေက သင့်တစ်ယောက်တည်းကိုပဲ သူက ချစ်နေဖို့၊ သင့်ကိုပဲ အတည် ရည်ရွယ်ထားပြီး စွဲစွဲလန်းလန်းဖြစ်နေစေဖို့ နည်းလမ်းတွေ ဖြစ်ပါတယ်။

၁။ ရွေးချယ်မှု

ဒီလူတစ်ယောက်က ကိုယ့်အပေါ်ကိုပဲ ယိမ်းယိုင်နေစေဖို့ အရေးကြီးတဲ့ အချက်က ရွေးချယ်မှုပါ။ သူက သင်နဲ့ အချိန်ကုန်ဆုံးဖို့ ရွေးချယ်လိုက်ခြင်းက မှန်ကန်ကြောင်း သင့်ဘက်က သက်သေပြပေးဖို့ လိုတာပါ။ သူ ဘယ်လိုအရာတွေ နှစ်သက်လေ့ရှိလဲ၊ ဘယ်လို စိတ်နေစိတ်ထားရှိလဲ သင့်ဘက်က လေ့လာပြီး သူ့ရွေးချယ်မှု မှန်ကန်ကြောင်း သင်က သက်သေပြရပါမယ်။ ဒါပေမဲ့ လူတစ်ယောက်က သူတို့ ရွေးချယ်သူက Right Person ဟုတ်မဟုတ်ကို သူတို့စိတ်နဲ့ပဲ ရွေးချယ်လေ့ရှိပါတယ်။ ဒီလူနဲ့ တွေ့နေရရင် သူပျော်လား၊ သူ စိတ်လွတ်လပ်မှု အပြည့်ရှိလား စသဖြင့်ပါ။ ကံဆိုးစွာနဲ့ သူ့စိတ်ထဲ သင်က ဒီလို လူတစ်ယောက် မဖြစ်ခဲ့ရင် သူ့ကို လက်လွှတ်ဖို့လည်း သတ္တိရှိရပါမယ်။ ဒါကလည်း ဆွဲဆောင်မှု တစ်ခုပါ။

၂။ ဆွဲဆောင်နိုင်မှု

ဒီနေရာမှာ ဆွဲဆောင်နိုင်မှု ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်နိုင်မှုပါ။ ဒါပေမဲ့ မိန်းကလေး အများစုက အချစ်ရေးနဲ့ ပတ်သက်လာရင် ကိုယ့် ပုံစံ၊ ကိုယ့် သွင်ပြင်ကို အပြစ်တင်လေ့ရှိကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် မလုံလောက်ဘူး၊ မလှဘူး စတဲ့ အတွေးတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဒါတွေကို ဖယ်ရှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလိုက်တာနဲ့ ဒါက ဆွဲဆောင်မှု တစ်ခု ဖြစ်သွားပါပြီ။ ဒါနဲ့အတူ ပြင်ပြင်ဆင်ဆင် နေခြင်းကလည်း အရေးပါတဲ့ အချက်တစ်ချက်ပါ။

၃။ သူ့စိတ်ထဲကို နက်ရှိုင်းစွာ တိုးဝင်ပါ

လူတိုင်းမှာ ရည်မှန်းချက်၊ ပန်းတိုင်တွေ ရှိတတ်ကြပါတယ်။ သူ့ကို သင့်အပေါ်မှာပဲ စွဲစွဲလန်းလန်း ဖြစ်စေချင်တယ်ဆိုရင် သူ့ရဲ့ အကြောင်း၊ ခံယူချက်၊ အတွေး အားလုံးကို ဂဂနန သိအောင် ကြိုးစားသင့်ပါတယ်။ သူတို့ဘဝမှာ မျှော်လင့်ချက် မဲ့တဲ့အချိန် သင်က လမ်းပြပေးတဲ့ ကြယ်လေးဖြစ်ဖို့ လိုပါတယ်။ သူတို့ ဝမ်းနည်းတဲ့အချိန် သင်က ဘေးက အားတက်အောင် လုပ်ပေးမယ့် သူတစ်ယောက် ဖြစ်ဖို့ လိုပါတယ်။

၄။ မှန်ကန်တဲ့ နေရာမှာ စိတ်နှစ်ထားပါ

သူ့အတွေးထဲမှာ သင်တစ်ယောက်တည်း ရှိနေစေချင်တယ်ဆိုရင် သင့်စွမ်းအင်တွေကို မှန်ကန်တဲ့ နေရာမှာ အသုံးချဖို့ လိုပါတယ်။ စိုးရိမ်ပူပန်နေတာ၊ စိတ်ဖိစီးတာတွေက မှန်တဲ့နေရာမှာ စွမ်းအင်သုံးတာ မဟုတ်သေးပါဘူး။ သူ့ကို ယုံကြည်မှု အပြည့်ထားတာ၊ မချုယ်ချယ်တာ၊ လွတ်လပ်ခွင့်ပေးတာ စတာတွေက သင့်ကိုပဲ ပိုချစ်လာစေမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar