လူတစ်ယောက်ရဲ့ နှစ်သက်တဲ့ ဝါသနာအလေ့အထဟာ သူ့ဘဝ တိုးတက်အောင်မြင် ပျော်ရွှင်ကြီးပွားရေးအတွက် အများကြီး အထောက်အကူပြု နိုင်ပါတယ်။ အသက်မွေးမှုမှာ ကိုယ့်ဝါသနာကို ထည့်ထားနိုင်သူဟာ စိတ်ဖိစီးမှုနည်းပါတယ်။ ခွန်အားအပြည့်နဲ့ လှုပ်ရှားဆောင်ရွက်နိုင်တယ်။ အရည်အသွေးမြင့်တဲ့ အလုပ်တွေ လုပ်နိုင်ပါတယ်။ ဒါဆိုရင် ကိုယ်နှစ်သက်တဲ့ အလုပ်က ဘာလဲဆိုတာကို ဘယ်လို သိနိုင်မလဲ။ ဘယ်အလုပ်က ကိုယ့်ကို ကြီးပွားစေနိုင်မလဲ။

(၁) ကိုယ်နှစ်သက်တဲ့အရာတစ်ခုကို ဝါသနာဖြစ်အောင် ပြောင်းကြည့်ပါ

Photo : Today Show

နေ့တိုင်းမှာ ကိုယ်လုပ်တိုင်း မပျင်းရိတဲ့ အရာလေးတွေ ရှိနိုင်ပါတယ်။ ဥပမာ- စာဖတ်တာ ၊ ဟင်းအသစ်အဆန်းချက်တာ နဲ့ ပရိဘောဂလေးတွေ ကိုယ်တိုင်လုပ်ကြည့်ရတာမျိုး ဖြစ်ပါတယ်။ လုပ်ရတာ သဘောကျတာနဲ့တော့ ဝါသနာ မဖြစ်သေးပါဘူး။ မွေးယူဖို့တော့ လိုမှာပါ။ ကောင်းတဲ့ လုပ်ချင်စိတ်လေးတွေကို ဝါသနာအဖြစ် တစ်လနှစ်လလောက် မွေးယူကြည့်သင့်ပါတယ်။

(၂) ကလေးဘဝ စိတ်ဝင်စားမှုလေးတွေ ပြန်စဉ်းစားပါ

Photo : Medium

လုပ်ငန်းခွင်ထဲ မဝင်ရသေးတဲ့ ဆယ်ကျော်သက်အရွယ်က ကိုယ်နှစ်သက်ခဲ့တဲ့ ဝါသနာလေးတွေအကြောင်း တွေးကြည့်ပါ။ အဲ့ဒီတုန်းက ကိုယ့်ဝါသနာဟာ ပန်းချီဆွဲတာလည်း ဖြစ်ချင်ဖြစ်မယ်။ အားကစားတစ်ခုခုလည်း ဖြစ်ချင် ဖြစ်မယ်။ ဒီဝါသနာလေးတွေက ကိုယ့်ရဲ့ လုပ်ငန်းခွင်ဘဝထဲကို ဘယ်လောက်အကျိုးရှိစေနိုင်မလဲဆိုတာ နည်းလမ်းရှာကြည့်ပါ။ တစ်နည်းအားဖြင့် ဝါသနာနဲ့လက်တွေ့ဘဝကို ချိတ်ဆက်ကြည့်ပါ။

(၃) ကိုယ့်ကိုယ်ကိုယ် အကဲခတ်ပါ

Photo : iStock

လူတိုင်းဟာ သူတို့အားသန်ရာ ၊ စိတ်ပါဝင်စားပြီး ကိုယ့်စရိုက်နဲ့ ကိုက်ညီတဲ့အရာကို လုပ်ရတာပဲ သဘောကျကြပါတယ်။ Personality Type ကို သိခြင်းဟာ ကိုယ့်ရဲ့ အားသာချက်တွေကို ပိုမြင်စေနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ စရိုက်ကို သေချာသိအောင် အမြဲလေ့လာနေဖို့ တိုက်တွန်းချင်ပါတယ်။

(၄) စမ်းလုပ်ကြည့်ပါ

Photo : HuffPost

ကိုယ်တကယ်ဝါသနာပါတဲ့ အလုပ် ဟုတ်မဟုတ် သိနိုင်ဖို့ ချဉ်းကပ်တဲ့နည်းက အဲ့ဒီအလုပ်ကို တကယ်စတင် လုပ်ကြည့်ဖို့ပါပဲ။ တကယ်လုပ်ကြည့်မှပဲ ဒီဝါသနာဟာ အရှည်သဖြင့် ကိုယ်နဲ့ ကိုက်ညီသလားဆိုတာ သိနိုင်မှာ ဖြစ်လို့ပါ။ ကိုယ်နှစ်သက်တဲ့ အရာတစ်ခုကို လက်တွေ့စမ်းပြီး လုပ်ကိုင်ကြည့်မှပဲ လုပ်ရင်းကိုင်ရင်း ပိုပြီး သိလာနိုင်မယ့် အချက်တွေ ရှိလာပါလိမ့်မယ်။ ဒီလိုသိမှသာ ဘာတွေလုပ်ရင် ဘယ်လိုအောင်မြင်နိုင်မလဲဆိုတာ မြင်လာနိုင် ပါတယ်။