မင်္ဂလာပါ ပျိုမေတို့ရေ။ ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ပြီး ဝိတ်ချဖို့ ကြိုးစားနေပေမယ့် လုပ်ပြီးတိုင်း ဗိုက်အရမ်းဆာတတ်လို့ စားမိသွားတဲ့သူတွေရှိလား။ ဒီလိုဖြစ်တတ်တာက သင်တစ်ယောက်တည်း တော့မဟုတ်ပါဘူးနော်။ ဒါပေမယ့် ဒီလိုလေ့ကျင့်ခန်းလုပ်ပြီး ခဏအတွင်း ကိုယ်စားချင်သလို စားလိုက်တာက ထင်ထားသလောက် ထိထိရောက်ရောက် အဆီမကျနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ စိတ်ကိုအလိုလိုက်ပြီး စားမိတတ်တဲ့စိတ်ကိုလှည့်စားနိုင်ဖို့ ပြုလုပ်နိုင်မယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

ရေကို ဗိုက်တင်းနေအောင်သောက်ချလိုက်ပါ


တစ်ခါတစ်လေ ရေသောက်ချင်တာနဲ့ ဗိုက်ဆာတာက ရောနေတတ်တာမို့ လေ့ကျင့်ခန်းလုပ်ပြီး ဗိုက်ဆာသလိုဖြစ်လာတဲ့အချိန်မှာ ရေအစားထိုးပြီး သောက်လိုက်ပါ။ ရေနှစ်ခွက်အပြည့်လောက်သောက်ချလိုက်ပြီးမှ ကိုယ့်ကိုယ်ကိုယ်ဗိုက်ဆာနေသေးလား ပြန်လည်ဆန်းစစ်ကြည့်တာမျိုး လုပ်သင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီး မိနစ် ၃၀ အတွင်း ဘာမှမစားပါနဲ့


လေ့ကျင့်ခန်းလုပ်ထားတဲ့အခါ ပင်ပန်းတဲ့အရှိန်နဲ့ အားလျော့ပြီး တစ်ခုခုစားချင်လာတတ်ပါတယ်။ ဒီလိုပင်ပန်းနေတဲ့အချိန်က အများကြီးစားမိဖို့ အလားအလာများတာမို့ လုပ်ပြီးချက်ချင်း မစားမိအောင် သတိထားပေးပါ။ အနည်းဆုံး မိနစ် ၃၀ လောက် မစားဘဲနဲ့ အာရုံပြောင်းထားဖို့လိုပါတယ်။

ပရိုတင်းဓာတ်ပါတာတွေကိုသာ စားပါ


လေ့ကျင့်ခန်းလုပ်ပြီး အရမ်းအားကုန်နေသလိုခံစားရတဲ့အခါ ပရိုတင်းဓာတ်ပါတာမျိုးတွေ ရွေးချယ်စားသုံးတာမျိုး ပြုလုပ်ကြည့်ပါ။ Protein Shake ဖျော်ရည်၊ ကြက်ရင်ပုံ၊ ကြက်ဥစတဲ့ ပရိုတင်းဓာတ်များပြီး ခန္ဓာကိုယ်အားပြန်ရမယ့်အစားအသောက်တွေ စားနိုင်ပါတယ်။

ကယ်လိုရီပါဝင်မှုပမာဏကို လျှော့မတွက်ပါနဲ့


တစ်ခါတစ်လေမှာ လေ့ကျင့်ခန်းကတစ်ဆင့်လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏက ပြန်စားလိုက်တဲ့ ပမာဏထက်နည်းနေတာမျိုးဖြစ်နေရင် သင်လုပ်ထားတဲ့လေ့ကျင့်ခန်းတွေက အချည်းနှီးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ထားပြီးနောက်ပိုင်း တစ်ခုခုစားတော့မယ်ဆိုရင် ကယ်လိုရီပါဝင်မှုကို အရင်ဆန်းစစ်ကြည့်ပါ။ အချိုတွေ၊ အဆီပါတာတွေက ကယ်လိုရီများတတ်တာမို့ ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ညီတာမျိုးကိုသာ ဗိုက်ဝရုံ စားတာမျိုးလုပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar