လုပ်ငန်းခွင်ဆိုတာ မိသားစုထမင်းဝိုင်းမျိုး မဟုတ်ပါဘူး။ ရုံးမှာ ကိုယ်နဲ့ ကြုံတွေ့နေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ စိတ်ကောင်းစေတနာကောင်းနဲ့ ကူညီတတ်သူတွေ ရှိသလို ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်တတ်ပြီး အခွင့်သင့်ရင် ဒုက္ခပေးဖို့ ချောင်းနေတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ မကောင်းတဲ့သူတွေနဲ့ တစ်ရုံးတည်းမှာ အလုပ်လုပ်ရပြီဆိုရင် မတွေ့ချင်လို့ ရှောင်နေဖို့ ခက်ပါတယ်။ ဒါကြောင့် မလွှဲမရှောင်သာ ဆက်ဆံရတိုင်း အခုပြောတဲ့ အချက်လေးတွေ လုပ်ပြီး ကိုယ့်စိတ်ကလေး အေးချမ်းအောင် ထားဖို့ အကြံပြုလိုက်ပါတယ်။

(၁) ကြားထဲမှာ ဘောင်ထားပါ

Photo: NBC News

Negative ဆန်တဲ့ သူတွေနဲ့ ဆက်ဆံရတယ်ဆိုရင် သူနဲ့ ကိုယ့်အကြားမှာ စည်းထားဖို့ လိုပါတယ်။ ကိုယ့်စားပွဲကို သူ့အလုပ်တွေ ကူလုပ်ခိုင်းဖို့ လာနေကျသူတွေကို ကိုယ့်ရဲ့ တာဝန်ဝတ္တရားနဲ့ လုပ်နေတဲ့အပိုင်းတွေ ပြောပြပြီး ယဉ်ယဉ်ကျေးကျေးငြင်းပါ။ ကိုယ့်ဆီကို လာပြီး ရုံးတွင်းက အတင်းတွေလာပြောမယ့်သူကို Body Language နဲ့ ဟန့်တားပါ။ အရေးကြီးတာက Negative သမားတွေ ကိုယ့်စက်ကွင်းထဲကို တော်ရုံနဲ့ ဝင်မလာရဲအောင် လုပ်ထားဖို့ ဖြစ်ပါတယ်။

(၂) အပေါင်းအသင်း မလုပ်ပါနဲ့

Photo: Beaux-Arts Group

ဖြစ်နိုင်မယ်ဆိုရင် ကိုယ်နဲ့ နေ့လယ်စာသွားစားတဲ့သူဟာ Negative Person မဖြစ်ပါစေနဲ့။ လက်ဖက်ရည်ချိန်မှာ လက်ဖက်ရည်လိုက်သောက်တဲ့ သူတွေထဲမှာ ရုံးထဲက အဆိုးမြင်သမားမပါစေဖို့ သတိထားပါ။ ခပ်ကင်းကင်းနေခြင်းအားဖြင့် ကိုယ့်နဲ့ ပတ်သက်မှု လျှော့ချထားသင့်ပါတယ်။

(၃) ကိုယ့်ဘက်က မမှားစေနဲ့

Photo: Freepik

မကောင်းတဲ့သူတွေနဲ့ ကင်းအောင်နေဖို့ ခက်တယ်ဆိုရင်လည်း ကိုယ့်ဘက်က ကောင်းအောင် နေပြဖို့ လိုပါတယ်။ စကားပြောဆိုရာမှာလည်း တည်တည်ကြည်ကြည်ပြောပြီး အလုပ်လုပ်ရာမှာလည်း မှန်မှန်ကန်ကန် ဖြစ်ဖို့ ဂရုစိုက်သင့်ပါတယ်။ ကိုယ့်ဘက်က မှန်နေပြီဆိုရင် ဘာဖြစ်ဖြစ် စိတ်ပူစရာမရှိပါဘူး။

(၄) Complaint တက်လိုက်ပါ

Photo: Wharton Magazine

တကယ်လို့ အပေါ်မှာ ပြောခဲ့တာတွေ တစ်ခုမှ အလုပ်မဖြစ်ဘူးဆိုရင်တော့ လုပ်ငန်းခွင် လုပ်ထုံးလုပ်နည်းနဲ့အညီ သွားပါ။ ကိုယ့်အထက်လူကြီးနဲ့ HR က တစ်ဆင့် Complaint တက်ပြီး နောက်ကို ကိုယ့်ကို လာအာရုံမစားအောင် Action ယူသင့်ပါတယ်။