တွဲခါစမှာတော့ စုံတွဲတိုင်းက အဆင်ပြေကြတာပါပဲ။ ကြာလာလည်း အရင်အတိုင်းပဲ အဆင်ပြေနေကြတဲ့ အတွဲတွေလည်း ရှိသလို အရင်လို ပျော်စရာမကောင်းတော့ပဲ ငြီးငွေ့လာကြတဲ့၊ စိတ်ပျက်လာကြတဲ့ အတွဲတွေလည်း ရှိပါတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ စိတ်ပျက်စရာကောင်းလာတဲ့ Relationship Type 4 မျိုးကို ပြောပြပေးလိုက်ပါတယ်။

ချုပ်ချယ်လွန်းခြင်း

Relationship တစ်ခုမှ အရမ်းကို ချုပ်ချယ်လွန်းတဲ့သူရှိနေရင် အဆင်မပြေပါဘူး။ တစ်ဖက်လူက အစပိုင်းမှာတော့ ကိုယ့်သဘောအတိုင်း လိုက်လျောပေးနေပေမယ့် ကြာလာရင် မွန်းကြပ်လာမှာပါ။ ဒီလိုချုပ်ချယ်ခံရတာကို မကြိုက်တော့ပဲ သူလုပ်ချင်တာကိုပဲ လုပ်တဲ့အခါကျရင်လည်း ရန်ဖြစ်စကားများကြအုံးမှာပါ။ ကြာလာရင် တစ်ဖက်လူက ချုပ်ချယ်ခံရတာကြီးကို အရမ်းစိတ်ပျက်လာပြီး ကိုယ့်ဆီက ရုန်းထွက်ချင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရမ်းချုပ်ချယ်ခံနေရတဲ့ Relationship မျိုးက Toxic ဖြစ်ပြီး အချိန်ကြာလာလေ စိတ်ပျက်စရာကောင်းလာလေပါပဲ။

ဘာမဟုတ်တာလေးကအစ ရန်ဖြစ်စကားများခြင်း

ဘာမှမဟုတ်တဲ့ကိစ္စလေးတွေ၊ အသေးအမွှားလေးတွေကအစ ရစ်နေတာတွေ၊ စကားများ ရန်ဖြစ်နေကြတာတွေက ကြာလာရင် မကောင်းပါဘူး။ အစပိုင်းမှာတော့ ဖြေရှင်းကြမယ်၊ စိတ်ဆိုးစိတ်ကောက်ရင် ချော့ကြမယ်ပေါ့။ ဒါပေမယ့် တွဲလာကြာလာလည်း တောက်လျှောက် ဒီလိုတွေချည်းပဲဆိုရင် ပျော်ရတာကနည်းနည်း ပြဿနာတွေပဲ ဖြေရှင်းနေရတာကများနေတော့ စိတ်ပျက်စရာ၊ ငြီးငွေ့စရာကောင်းတဲ့ Relationship ဖြစ်လာပါလိမ့်မယ်။

နားလည်မှုမရှိခြင်း

တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲချစ်နေပါစေ နားလည်မှုမရှိရင် ရေရှည်တည်မြဲနိုင်ဖို့က ရာခိုင်နှုန်းနည်းပါတယ်။ နားလည်မှုမရှိတဲ့ကိစ္စကြောင့်ပဲ ပြတ်ဆဲသွားနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိတော့ ခဏခဏ ရန်ဖြစ်စကားများလိုက်၊ နားလည်မှုမရှိလို့ ငြိုငြင်လာလိုက်၊ စိတ်ပျက်လာလိုက်နဲ့ ဖြစ်နေမှာပါ။

ယုံကြည်မှုမရှိခြင်း

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိရင် စွပ်စွဲခံရတာတွေ၊ ပြဿနာရှင်းရတာတွေပဲ ခဏခဏ ဖြစ်နေမှာပါ။ ဘာမဟုတ်တာလေးတွေနဲ့လည်း အထင်လွဲပြီး ပြတ်စဲသွားနိုင်ပါတယ်။ အစပိုင်းမှာတော့ ကိုယ့်ကို ယုံကြည်မှုမရှိလို့ပြောတာ၊ စွပ်စွဲတာတွေက ချစ်လို့သဝန်တိုတာဆိုပြီး ဖြည့်တွေးပေးလို့ရပေမယ့် တွဲတာကြာလာလည်း ဒီအတိုင်းပဲဆိုရင်တော့ စိတ်ပျက်စရာကောင်းလာမှာပါ။