လူတိုင်းကတော့ ပျော်စရာကောင်းတဲ့ healthy relationship မျိုးကိုပဲ ပိုင်ဆိုင်ချင်ကြတာပါ။ ဒါကလည်း ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်စိတ်နေစိတ်ထား၊ ကိုယ့်ခံယူချက်နဲ့ တစ်ဝက်သက်ဆိုင်သလို ကိုယ့်ရွေးချယ်မှုနဲ့လည်း တစ်ဝက်သက်ဆိုင်ပါတယ်။ ကိုယ်ရွေးချယ်မှုက မှန်ကန်ပေမယ့် ကိုယ်တိုင်ကိုက toxic ဖြစ်နေပြန်ရင်လည်း အဆင်မပြေပါဘူး။ ကိုယ်တိုင်က toxic မဖြစ်ဘူးဆိုရင်တော့ healthy relationship ကို ပိုင်ဆိုင်ချင်ရင် ဒီလူ ၄ မျိုးကို ရှောင်ကြဉ်ရပါမယ်။

ပွေရှုပ်ပြီးသစ္စာမရှိတဲ့လူမျိုး

ပွေရှုပ်လွန်းတဲ့လူမျိုး၊ သစ္စာမရှိ ဖောက်ပြန်ဖူးတဲ့ လူစားမျိုးဆိုတာကို သိရက်နဲ့ ငါ့ကိုချစ်ရင် သူ့အကျင့်တွေပြင်မှာပါ၊ ပြောင်းလဲပေးလို့ရမှာပါဆိုပြီး မထင်လိုက်ပါနဲ့။ လူတစ်ယောက်ရဲ့ အကျင့်နဲ့ ဗီဇကို ဘယ်သူမှပြင်ပေးလို့မရပါဘူး။ ဖျောက်ရတာလည်း ခက်ပါတယ်။ ဒါကြောင့် healthy relationship ကိုလိုချင်ရင် ဒီလိုလူစားမျိုးကို ထိပ်ဆုံးကနေရှောင်ရပါမယ်။

လိမ်ညာတတ်တဲ့လူမျိုး

လိမ်ညာတတ်တဲ့လူကိုမှ ရွေးချယ်မိရင်တော့ တစ်ချိန်လုံး ရန်ဖြစ်လိုက်၊ စိတ်တိုလိုက်၊ ဒေါသထွက်လိုက်နဲ့ ပျော်ရတယ်ဆိုတာ နည်းလာပါလိမ့်မယ်။ အမြဲလိမ်ညာတတ်တဲ့ အကျင့်ရှိတဲ့သူက ဘာမဟုတ်တာလေးနဲ့တောင် လိမ်တတ်ပါတယ်။ ကိုယ်က အရမ်း serious ဖြစ်တတ်တဲ့သူဆို ပိုဆိုးပါတယ်။ ကိုယ်ပဲ စိတ်ဆင်းရဲရမှာပါ။ ဒါကြောင့် ပျော်ချင်ရင်တော့ ဒီလိုလူမျိုးကိုလည်း ရှောင်သင့်ပါတယ်။

တစ်ကိုယ်ကောင်းဆန်တဲ့လူမျိုး

ဒီလူနဲ့မတွဲခင်ထဲက သူက တစ်ကိုယ်ကောင်းဆန်တဲ့သူဆိုတာကို သိထားရင် အချိန်ယူပြီး စဉ်းစားပါ။ အရမ်းတစ်ကိုယ်ကောင်းဆန်တဲ့သူတွေက သူများအတွက် တွေးပေးတယ်၊ စဉ်းစားပေးတယ်ဆိုတာ မရှိပါဘူး။ သူတို့ဖြစ်ချင်တာ၊ သူတို့လိုချင်တာကိုပဲ သိတာပါ။ ဒီတော့ သူလုပ်ချင်တာလုပ်ပြီး သင်ခံစားနေရရင်တောင် သင့်ကို နားလည်ပေးမှာမဟုတ်သလို၊ သူ့အမှားလို့လည်း ဘယ်တော့မှတွေးမှာ မဟုတ်ပါဘူး။

ကိုယ်ထိလက်ရောက်လုပ်တတ်တဲ့လူမျိုး

သေချာရွေးချယ်ပြီး ရှောင်ရမယ့်ထဲမှာ ကိုယ်ထိလက်ရောက်လုပ်တတ်တဲ့ လူမျိုးလည်း ပါပါတယ်။ မသိလို့ တွဲမိတယ်ဆိုရင်တောင်မှ ကိုယ့်ကို ကိုယ်ထိလက်ရောက်လုပ်လာပြီဆိုရင် ဆက်မတွဲသင့်တော့ပါဘူး။ ရည်းစားဘဝမှာတောင် ကိုယ်ထိလက်ရောက် နာကျင်အောင်လုပ်တယ်ဆိုရင် ယူပြီးတဲ့အခါမှာ ပိုဆိုးပါလိမ့်မယ်။ ဘယ်လောက်ဒေါသထွက်ထွက် ကိုယ့်ချစ်သူကို ကိုယ်ထိလက်ရောက် နှိပ်စက်တဲ့လူဆိုရင်တော့ ဝေးဝေးက ရှောင်သင့်ပါတယ်။