ဖက်တွယ်မထားသင့်တဲ့အရာတွေကို ဖက်တွယ်နေရင် ပင်ပန်းမှာ၊ နာကျင်ရမှာက ကိုယ်တိုင်ပါပဲ။ ဒါကြောင့် ကိုယ့်အတွက် နာကျင်ရတာတွေကို ဖက်တွယ်မထားပါနဲ့။ အချစ်ရေးမှာ ဆိုရင်လည်း ဖက်တွယ်မထားပဲ လက်လွှတ်လိုက်သင့်တဲ့ Relationship အခြေအနေ ၄ မျိုးရှိပါတယ်။ ဒါကြောင့် ကိုယ်က ဒီလိုအခြေအနေတွေ ဖြစ်နေပြီဆိုရင် သေချာပြန်စဉ်းစားဖို့ လိုပါတယ်။

ကိုယ့်ကိုမလိုအပ်တော့တဲ့အခြေအနေ

ကိုယ့်ကိုမချစ်တော့တဲ့သူတစ်ယောက်၊ ကိုယ့်ကိုမလိုအပ်တော့လို့ လမ်းခွဲနေချင်တဲ့သူတစ်ယောက်ကို လွှတ်မပေးပဲ ဖမ်းဆုပ်ထားရင် ကိုယ်ပဲနာကျင်ရမှာပါ။ ထွက်သွားချင်နေတဲ့သူက ဘယ်လိုတားတား ရအောင်ထွက်သွားမှာပါပဲ။ ကိုယ်ဆွဲထားလို့ နေရရင်တောင် ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ စိတ်ဆင်းရဲနေရမှာပါ။ ဒါကြောင့် အချိန်ပေးပြီး ကုစားလိုက်ရင် အဆင်ပြေသွားမှာမို့ လက်လွှတ်ပေးလိုက်ပါ။

သစ္စာဖောက်သွားတဲ့အခြေအနေ

ကိုယ့်အပေါ်သစ္စာဖောက်သွားမှတော့ စွန့်လွှတ်ပစ်ရမှာပါပဲ။ သစ္စာမရှိတဲ့သူကို ဆက်ပြီး ဖက်တွယ်နေရင် ကိုယ်ပဲ ပင်ပန်းမယ်၊ တစ်ခါခြံခုန်ဖူးတဲ့သူက နောက်တစ်ခါထပ်ပြီး ခြံခုန်ဖို့ ဝန်မလေးပါဘူး။ ကိုယ်ကချစ်လွန်းလို့ ဒီလိုလူမျိုးနဲ့ဆက်တွဲမယ်ဆိုရင်တောင် ကိုယ်တိုင်လည်း သူ့အပေါ် ယုံကြည်မှုရှိမှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် သစ္စာဖောက်သွားတဲ့သူနဲ့ ဘယ်တော့မှ ပြန်မတွဲပါနဲ့။

ကိုယ်ထိလက်ရောက်ပြုမှုပြီးနှိပ်စက်ခံရတဲ့အခြေအနေ

လက်ထပ်ထားတဲ့သူတွေတောင်မှ ကိုယ်ထိလက်ရောက်နှိပ်စက်တာမျိုးတွေ မလုပ်သင့်တဲ့အခြေအနေပါ။ ရည်းစားဘဝမှာထဲက ကိုယ်ထိလက်ရောက် ခဏခဏ လုပ်နေတာကို ခံနေမယ်၊ နှိပ်စက်တာကို ခံနေမယ်ဆိုရင် စိတ်ရောကိုယ်ပါ နာကျင်နေရမှာပါ။ ဒီလိုလူမျိုးကို ဘယ်လောက်ချစ်ချစ် ဆက်ပြီးမတွဲသင့်ပါဘူး။

ပျော်ရွှင်မှုတွေမရှိတော့တဲ့အခြေအနေ

Relationship တစ်ခုမှာ ပျော်ရွှင်မှုတွေမရှိတော့တဲ့အချိန်က လုံးဝအဆင်မပြေပါဘူး။ တစ်နေ့ပြီးတစ်နေ့ စိတ်ညစ်နေရမယ်။ စိတ်ပူပန်ပြီး ပင်ပန်းနေရမယ်။ ခဏခဏ ရန်ဖြစ် စကားများနေရမယ်၊ ပျော်ရွှင်မှုတွေမရှိတော့တဲ့ အခြေအနေမှာ ရှေ့ဆက်နေရင်လည်း ပိုပြီးစိတ်ပင်ပန်းတာပဲ ရှိပါမယ်။ ဒါကြောင့် တစ်ခုခုဆိုရင် ကိုယ့်ဘက်ကချစ်နေလို့ ပိုင်ဆိုင်ချင်တယ်ဆိုတဲ့စိတ်နဲ့ ခေါင်းမာပြီး ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့။ လက်လွှတ်သင့်ရင် လက်လွှတ်ပေးလိုက်ပြီး စိတ်ပျော်ရွှင်အောင်သာ ကြိုးစားနေထိုင်ပါ။