ဆယ်ကျော်သက်အရွယ်က အချစ်ရေးနဲ့ပတ်သက်ပြီး၊ လူတွေနဲ့ပတ်သက်ပြီး သေချာမသိသေးတဲ့ အရွယ်ဖြစ်တာကြောင့် အမှားလုပ်မိဖို့လည်း အရမ်းလွယ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ ရည်းစားထားရင် ဒီအရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

အယုံလွယ်ခြင်း

ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားတတ်သလို၊ တစ်ခုခုဆိုရင် သူများပြောတာကို အရမ်းလည်း အယုံလွယ်တတ်ကြပါတယ်။ သိမ်းသွင်းတာနဲ့ အယုံလွယ်မိရင် အမှားတွေကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် မခံစားချင်ရင်တော့ လူတစ်ယောက်အပေါ်မှာ ယုံကြည်မှုမလွန်ကဲလိုက်ပါနဲ့။

ပုံအောပြီးချစ်ခြင်း

လူတစ်ယောက်ကို အရမ်းပုံအောပြီး မချစ်လိုက်ပါနဲ့။ စိတ်ကစားတဲ့ အရွယ်ဖြစ်တာကြောင့် စိတ်ကအမျိုးမျိုး ပြောင်းလဲတတ်ပါတယ်။ အပြောတွေကြားမှာမျောပြီး ကိုယ့်ဘက်က ပုံအောပြီးချစ်လိုက်ရင် တစ်ဖက်လူက ပြောင်းလဲသွားတဲ့အခါ အရမ်းကိုခံစားရနိုင်ပါတယ်။ ရှေ့ဆက်ပြီး အများပြီးကြုံတွေ့ရအုံးမှာဖြစ်လို့ ဒီလူတစ်ယောက်ထဲကို မျက်စိမှိတ်ပြီး ပုံအောချစ်လိုက်တာမျိုး မလုပ်ပါနဲ့။

လက်ထပ်ခြင်း

အရေးအကြီးဆုံးကတော့ ဆယ်ကျော်သက်အရွယ်မှာ စိတ်အလိုလိုက်ပြီး လက်ထပ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ လက်ထပ်လိုက်ရတဲ့ အခြေအနေတွေ မဖြစ်အောင်လည်း ဆင်ခြင်သင့်ပါတယ်။ အရမ်းငယ်လွန်းတဲ့အတွက် ဘဝအကြောင်းလည်း မသိသေးပါဘူး။ ကိုယ့်မှာလည်း ရှေ့ဆက်ရမယ့်လမ်းက အများကြီးကျန်ပါသေးတယ်။ ဒီအရွယ်မှာလက်ထပ်လိုက်ရင်လည်း အဆင်မပြေတာတွေ အများကြီးကြုံတွေ့ရမှာပါ။

အချစ်ရေးကိုဦးစားပေးလွန်းခြင်း

ဆယ်ကျော်သက်အရွယ်မှာ အချစ်ရေးကို ဦးစားပေးလိုက်ရင် အမှားတွေနဲ့ကြုံရပါလိမ့်မယ်။ ပညာတတ်အောင် ဆက်သင်ရအုံးမယ့် အရွယ်ဖြစ်တာကြောင့် အချစ်ရေးနဲ့ ပညာရေးယှဉ်လာရင် ပညာရေးကိုပဲ ဦးစားပေးသင့်ပါတယ်။ ဒါမှ ကိုယ့်ဘဝတိုးတက်မှာပါ။ ပညာရေးကိုဂရုမစိုက်ပဲ အချစ်ရေးကိုပဲဦးစားပေးပြီး အချစ်အတွက်နဲ့ပဲ ပူဆွေးနေမယ်ဆိုရင်တော့ အသက်ကြီးလာလို့ ရင့်ကျက်လာတဲ့အချိန် ရောက်လာရင် နောင်တတွေနဲ့ နေရပါလိမ့်မယ်။