သင်က ဘာသာစကား လေ့လာနေလို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပညာရပ် အသစ်တစ်ခု သင်နေတဲ့ အချိန်ပဲ ဖြစ်ဖြစ် အချိန်ကြာလာတဲ့အခါ ပျင်းလာတတ်ပါတယ်။ လုပ်နေရင်းနဲ့ “ငါဘာလို့ ဒါတွေ လုပ်နေရတာလဲ” ဆိုတဲ့ စိတ်မျိုး ပေါ်လာနိုင်တဲ့ အထိပါပဲ။ တစ်ခါတလေ သင်က ဘာသာစကား ဒါမှမဟုတ် ပညာရပ် တစ်ခုခု သင်ရင်း ပျင်းလာတယ်ဆိုရင်တော့ အချိန်ဆွဲမိမှာပါပဲ။ ဒီလို အချိန်ဆွဲတတ်တဲ့ အကျင့်ကို ဖျောက်နိုင်မယ့် နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ လေ့လာဖို့ နေရာကောင်းကို ရှာပါ

ဘာသာစကား သင်တဲ့အခါ ဖုန်းကို အနားမှာ ထားတာ၊ ဒါမှမဟုတ် အိပ်ရာပေါ်မှာ လုပ်တာ၊ တီဗီရှေ့မှာ လုပ်တာ စတဲ့ အပြုအမူတွေက အချိန်ဆွဲဖို့ အခွင့်အရေး ပေးနေသလိုပါပဲ။ ဖုန်းနဲ့ ဘာသာစကား လေ့လာမယ်ဆိုရင်လည်း တခြား App တွေထဲ မဝင်မိဖို့ အထူး ဂရုစိုက်သင့်ပါတယ်။ လူသံ သိပ်မဆူတဲ့ နေရာတစ်ခုမှာ လေ့လာတာကတော့ အကောင်းဆုံးပါပဲ။

၂။ စာသင်ဖော် ရှာပါ

တစ်ယောက်တည်း စာလေ့လာရတာက ပျင်းဖို့ ကောင်းပါတယ်။ ဘယ်ဟာပဲ လုပ်လုပ် သူငယ်ချင်း အပေါင်းအဖော်နဲ့ လုပ်တဲ့အခါ လုပ်ရတာ မပျင်းတော့ပါဘူး။ သူပျင်းနေတဲ့အချိန် ကိုယ်က အားပေးနိုင်သလို ကိုယ်ပျင်းနေတဲ့အချိန်လည်း သူ့ဘက်က သတိပြန်ပေးနိုင်ပါတယ်။ ဘာသာစကား လေ့လာတယ်ဆိုရင်လည်း နှစ်ယောက် ဖြစ်တာမို့ အချင်းချင်း စကားပြော လေ့ကျင့်နိုင်ပါသေးတယ်။

၃။ ပန်းတိုင်တွေ သတ်မှတ်ပါ

ပညာရပ် တစ်ခု လေ့လာတဲ့အခါ အချိန်မဆွဲမိဖို့ ပန်းတိုင်တွေ ချမှတ်သင့်ပါတယ်။ ဘယ်နှစ်လ ကြာရင် ဘယ်ဟာ ရ ရမယ်၊ ဘယ်နှစ်ရက် ကြာရင် ဘယ်ဟာကို အပြီး စသဖြင့် ပန်းတိုင် သတ်မှတ်ချက် ထားသင့်ပါတယ်။ ဒီလို ထားလိုက်တာကြောင့် သင့်ရဲ့ လေ့လာချင်စိတ်ကို ပိုတွန်းအား ဖြစ်စေပါတယ်။

၄။ အချိန်ကို စီမံခန့်ခွဲဖို့ App အကူအညီ ရယူပါ

ကိုယ့်အချိန်ကို စနစ်တကျ စီမံခန့်ခွဲဖို့ တစ်ခါတလေ ဖုန်းထဲက App အကူအညီကိုလည်း ယူသင့်ပါတယ်။ သင့်ဖုန်း Play Store/ Google play ထဲမှာ Time Management App ဆိုပြီး ရှာကြည့်နိုင်ပါတယ်။ အချိန်စီမံခန့်ခွဲမှုမှာ လူငယ်အများစု သဘောကျတဲ့ App နာမည်ကတော့ “Notion” ပါ။ သင့်အနေနဲ့ မသုံးဖူးရင် ဒီ App ကို စမ်းသုံးကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar