တချို့ကျတော့ အရမ်းချစ်ရင် ဘာမှမမြင်တော့ပဲ ဘာလုပ်လုပ်သည်းခံပြီး ကိုယ့်အတွက်ကိုလည်း မကြည့်တော့တာမျိုးတွေ ရှိပါတယ်။ ဒီလိုဖြစ်ရင် ကိုယ်ပဲနစ်နာရတာပါ။ ဒါကြောင့် ချစ်တာလည်းချစ် သည်းမခံသင့်တာဆိုလည်း သည်းမခံပဲ နေသင့်ပါတယ်။ ကိုယ့်ရည်းစားကို ဘယ်လောက်ချစ်ချစ် ဒီအရာတွေကိုတော့ သည်းမခံသင့်တဲ့ပါဘူး။

ဖောက်ပြန်ခြင်း

ဖောက်ပြန်တာကို သည်းခံခွင့်လွှတ်ပြီး ဆက်တွဲနေတဲ့သူတွေ ရှိပါတယ်။ အရမ်းချစ်တော့လည်း သူရှိနေရင် ပြီးတာပဲဆိုတဲ့စိတ်နဲ့ တွဲနေကြတဲ့သူတွေ အများကြီးပါ။ ဒီလိုလုပ်တော့ ကိုယ်လည်း အပြည့်အဝပျော်ရွှင်ရတာ မဟုတ်ပါဘူး။ တစ်ခါဖောက်ပြန်ဖူးတဲ့သူက နောက်တစ်ခါ ထပ်ဖောက်ပြန်ဖို့ ဝန်မလေးပါဘူး။ ထပ်ဖြစ်လာရင် ကိုယ်ပဲထပ်ပြီးနာကျင်ရမှာပါ။ ကိုယ့်ကိုသာ တကယ်အရမ်းချစ်တဲ့သူဆို ဖောက်ပြန်စရာအကြောင်း မရှိပါဘူး။ ဒါကြောင့် ဖောက်ပြန်တဲ့သူကို သည်းခံမနေသင့်ပါဘူး။

ရိုးစိုင်းစွာပြုမူဆက်ဆံခြင်း

ကိုယ့်အပေါ်ကို ရိုင်းစိုင်းစွာနဲ့ ပြုမူဆက်ဆံနေတာကို သည်းခံနေရင် ပိုပြီးစော်ကားခံနေရမှာပါ။ ကိုယ့်အပေါ် ဆဲဆိုပြီး မပြောသင့်တာတွေလည်း အမြဲပြောဆိုနေတာမျိုး၊ ရန်ဖြစ်ကားများရင် စိတ်တိုဒေါသထွက်တိုင်း လက်ပါနေတာမျိုးတွေကို လုံးဝသည်းမခံသင့်ပါဘူး။ ဒီလိုလူမျိုးက ယူပြီးရင် ပိုတောင်ဆိုးလာမှာပါ။

အရှက်ရအောင်လုပ်ခြင်း

ကိုယ့်ရည်းစားကို လူကြားထဲမှာလည်း အရှက်ရအောင် လုပ်တတ်တဲ့သူတွေ ရှိပါတယ်။ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ အရှက်ကွဲနေရတာမျိုးက ရေရှည်မှာ အဆင်မပြေပါဘူး။ ကိုယ့်အတွက်လည်း မကောင်းပါဘူး။

အမြဲတမ်းလိမ်ညာနေခြင်း

တစ်ခါနှစ်ခါလည်းမဟုတ်ပဲ အမြဲတမ်းကို လိမ်ညာနေတာမျိုးကလည်း သည်းမခံသင့်တဲ့အရာပါပဲ။ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အမြဲတမ်း လိမ်ညာတာတွေပဲ ခံနေတော့မှာလား၊ ဒီလိုလိမ်ညာတာတွေနဲ့ ရေရှည်မှာ အဆင်ပြေပါ့မလား သည်းခံနိုင်ပါတော့မလား စဉ်းစားပါ။ လိမ်တိုင်းသာ ခွင့်လွှတ်ပေးနေရင်လည်း အလွယ်တကူ လိမ်ညာနေတော့မှာပါ။