ဘယ်သူမဆို စိတ်ညစ်နေတဲ့အချိန် စိတ်အခြေအနေ လုံးဝမကောင်းတဲ့အချိန်ဆိုတာ ရှိတာပါပဲ။ အဲ့လိုအချိန်မှာ နှစ်သိမ့်မှုမပေးနိုင်ရင်တောင်မှ ငြိမ်ငြိမ်လေးနေပေးသင့်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့အရာကြောင့် စိတ်အခြေအနေပိုဆိုးသွားတာမျိုး၊ ပြဿနာဖြစ်ရတာမျိုးတွေ မဖြစ်ပါစေနဲ့။ အထူးသဖြင့်တော့ ကိုယ့်ချစ်သူ၊ ကိုယ့်သူငယ်ချင်း စိတ်အခြေအနေမကောင်းတဲ့အချိန်မှာ မလုပ်သင့်တဲ့အချက် ၄ ချက်ရှိပါတယ်။

အပြစ်တင်ဝေဖန်ခြင်း

တစ်ဖက်သား စိတ်အခြေအနေမကောင်းရင် အားပေးစကားပြောတာ၊ နှစ်သိမ့်တာတွေ လုပ်ပေးရမှာပါ။ အဲ့ဒီသူက ကိုယ့်ချစ်သူ၊ ကိုယ့်သူငယ်ချင်းဖြစ်နေရင် အားပေးနှစ်သိမ့်တာတွေကို ပိုတောင်လုပ်ပေးသင့်ပါတယ်။ အဲ့တာကို အပြစ်တွေထိုင်ပြောနေတာ၊ ဝေဖန်ပြောဆိုနေတာတွေလုပ်ရင် သူတို့ရဲ့ စိတ်အခြေအနေ ပိုဆိုးသွားမှာပါ။ ကိုယ့်အနေနဲ့လည်း ဒါဟာ လုံးဝမလုပ်သင့်တဲ့အချက်ဆိုတာ သိထားသင့်ပါတယ်။

စိတ်ဓာတ်ကျစေမယ့်စကားတွေပြောခြင်း

ကိုယ့်ချစ်သူ၊ ကိုယ့်သူငယ်ချင်း စိတ်အခြေအနေမကောင်းတဲ့အချိန်မှာ Positive ဖြစ်စေမယ့် စကားတွေပြောပြီး အကောင်းတွေပဲတွေးနိုင်အောင်လို့ ပြောဆိုပေးရမှာပါ။ စိတ်အခြေအနေမကောင်းရင် တော်တော်များများက မကောင်းတဲ့အတွေးတွေပဲ တွေးမိတတ်ကြတာပါ။ သူတို့တွေးသလို ပြောသလို လိုက်ထောက်ခံပြီး မီးလောင်ရာလေပင့် လုံးယမလုပ်ပါနဲ့။ သူတို့စိတ်ဓာတ်ကျစေမယ့်စကားတွေ လုံးဝမပြောပါနဲ့။

ပြဿနာရှာခြင်း

သူများစိတ်အခြေအနေ မကောင်းတဲ့အချိန်မှာ နှစ်သိမ့်မှုမပေးနိုင်ရင်တောင်မှ ပြဿနာတော့မရှာမိပါစေနဲ့။ ကိုယ်ပြဿနာရှာချင်တာတွေ၊ စိတ်ဆိုးစိတ်ကောက်ချင်တာတွေ ရှိနေရင်လည်း သူတို့စိတ်အခြေအနေ ပြန်ကောင်းတဲ့အထိကို သည်းခံနေပေးပါ။ ကိုယ်ပြဿနာရှာတာ၊ စိတ်ဆိုးစိတ်ကောက်တာတွေ လုပ်လိုက်ရင် သူတို့ပိုစိတ်အခြေအနေပိုဆိုးပြီး ရန်ဖြစ်စကားများကြတာ၊ ကိုယ့်ကိုပါအတွေ့မခံတော့တာတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ့်အပူတွေသွားပြောခြင်း

တစ်ဖက်သား စိတ်ညစ်နေချိန်၊ စိတ်အခြေအနေမကောင်းတဲ့အချိန်မှာ အလိုက်မသိ ကိုယ့်အပူတွေပြောနေတာ၊ ကိုယ့်စိတ်ညစ်စရာတွေကို ထိုင်ပြောပြီး အကူအညီတောင်းတာတွေ လုံးဝမလုပ်သင့်ပါဘူး။ အစထဲက စိတ်ညစ်စရာရှိနေတဲ့သူကို အားမပေးနိုင်ရင်တောင်မှ ကိုယ့်အပူတွေကိုပါ သွားပေးတာမျိုးက သူ့ရဲ့ချစ်သူ၊ သူ့ရဲ့သူငယ်ချင်းသာဆိုရင် လုံးဝမလုပ်သင့်မှန်း ပိုတောင်သိသင့်ပါတယ်။